ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုး မလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး

ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုး မလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး
ဒေသကာကွယ်ရေးတပ်/ပြည်သူ့စစ် အဖြစ်အသွင်ပြောင်းရန် နအဖ အကြိမ်ကြိမ်ဖိအားပေးလာမှုအပေါ် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတဦးက ရဟန်း ရှင်လူ ပြည်သူများအား ချောက်ထဲဆင်းမည့်ဦးဆောင်မှုမျိုး လုပ်မည်မဟုတ်ဟု...

ဒေသကာကွယ်ရေးတပ်/ပြည်သူ့စစ် အဖြစ်အသွင်ပြောင်းရန် နအဖ အကြိမ်ကြိမ်ဖိအားပေးလာမှုအပေါ် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတဦးက ရဟန်း ရှင်လူ ပြည်သူများအား ချောက်ထဲဆင်းမည့်ဦးဆောင်မှုမျိုး လုပ်မည်မဟုတ်ဟု ကတိပေး ပြောခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကပြောပါသည်။

“နအဖ ဖိအားအတိုင်း ဗဟိုခေါင်းဆောင်တချို့ရဲ့ အမိန့်နဲ့  တပ်မဟာတွေမှာ အသွင်ပြောင်းမယ့် အထဲ ပါ၀င်ဖို့ စာရင်း အကြိမ်ကြိမ်လိုက်ကောက်တယ်။ အစည်းအဝေးခေါ်တာလဲ နှစ်ခါသုံးခါရှိပြီ။ ဘယ်သူမှ မလုပ်ချင်ဘူး။ ခေါင်းဆောင်တဦး ကတော့ ပြတ်သားတယ် ချောက်ထဲ ဆွဲခေါ်မယ့် ဦးဆောင်ဦးရွက်မှုမျိုး သူဘယ်တော့မှမလုပ်ဘူး ဆိုပြီးပြောလာတယ်” - ဟု အမည်မဖေါ်လိုသည့် လူငယ်တပ်မှူး တဦး ကပြောပါသည်။

ဒေသစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရေး မပြောင်းရေးကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလက အပစ်ရပ် SSA တပ်ဖွဲ့ (၁၀ ရက်ကျော်) အစည်းအဝေး ၂ ကြိမ် အကြိတ်အနယ်ဆွေးနွေးခဲ့သော်လည်း ကေဒါအရာရှိများ တပ်မှူးတပ်ကဲများကလက်မခံ၊ အမိန့်အရနယ်ခြားစောင့်တပ်/ ဒေသစောင့်တပ် အသွင်ပြောင်းရေး စာရင်းလိုက်လံ ကောက်ယူသည့် တာဝန်ရှိသူများအားလည်း - “လာမမေးနဲ့ မလုပ်နိုင်ဘူး၊ နအဖ တပ် လက်ခုပ်ထဲရေလို ဘဝ မျိုး ရောက် အောင် တွန်းပို့ချင်တဲ့လူကို အရေးယူရမယ် ” - ဆိုသည့် စကားမျိုးပင်ထွက်ပေါ်ကြောင်း -အဆိုပါ တပ်မှူးက ဆက်ပြောပြပါသည်။

“ခေါင်းဆောင် တစ်ဦးကမူ ‘လူထု နဲ့ တပ်သားထုတွေရဲ့ဆန္ဒ၊ ရဟန်းရှင်လူတွေရဲ့ ဆန္ဒ ဆန့်ကျင် တဲ့ ဦးဆောင်မှုမျိုး လုပ်ခဲ့ ရင် ငါ့ကို လူလို့မသတ်မှတ်နဲ့တော့၊ ခေတ်အဆက်ဆက် ပွင့်မယ့် ဘုရားရှင်တိုင်း ငါ့ကိုမကယ်တင်ပါစေနဲ့’ လို့တောင် ကတိ ပေးသွားတယ်” - ဟု ဆက်ပြောပြ၏။

စစ်အစိုးရဖိအားကြောင့် မလွဲသာဘဲ ဒေသစောင့်တပ်/ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့မည်ဆိုလျှင်လည်း အင်အား ၃၀၀ - ၄၀၀ သာရှိနိုင်ပြီး ၁၉၆၈-၁၉၇၄ မဆလခေတ် ကာကွယ်ရေးတပ် ကဲ့သို့ပင် အလုံးအရင်း တောပြန်ခိုကြမည်မှာ မလွဲ ကြောင်း ဒေသတွင်းရှေ့မီနောက်မီ ပုဂ္ဂိုလ်တဦးကလည်းသုံးသပ်သည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ကဲ့သို့ ပြည်ပ နယ်စပ် မရှိသည့် ဒေသစောင့်တပ် အသွင်ပြောင်းမှု လက်ခံထားသော ဦးမထုနော်ခေါင်းဆောင် ကချင် ကာကွယ်ရေး တပ်မတော် KDA ၏ တပ်သားအရာရှိအများအပြားကလည်း ကွတ်ခိုင် မူဆယ် နမ့်ခမ်း နမ္မတူမြို့နယ်အတွင်း အခြေချလှုပ်ရှားသည့် KIA တပ်မဟာ ၄ တပ်ဖွဲ့ အတွင်းသို့ဘက်ပြောင်း ပူးပေါင်းသွားသည် ဟု သီးခြားအတည်မပြုနိုင်သေးသည့် သတင်းကဆိုပါသည်။

နအဖ လက်အောက်ခံတပ်အဖြစ် အသွင်ပြောင်းသွားလျှင် တော်လှန်ရေးသမိုင်း တခုလုံး ရန်သူ့လက်ထဲထိုးအပ်လိုက် သည် နှင့်တူကြောင်း၊ လက်နက်ချည်းချခြင်း မဟုတ်ဘဲ လူအင်အားပါ စစ်အာဏာရှင် ကြေးကျွန်ဘဝအဖြစ်ပုံအပ်ပေး သကဲ့သို့ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့် NDA-K မှ အမည်မဖေါ်လိုသူ အရာရှိငယ်တဦးက ဆိုသည်။ နိုဝင်ဘာ ၁၄ ရက် က အပစ်ရပ်  SSA ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ် အပါ၀င် အခြားခေါင်းဆောင်များအား ဒေသစောင့်တပ် ပြောင်းရေး အတွက် ဒီဇင်ဘာ ၂၀၀၉ နောက်ဆုံးထား၍ လူသူလက်နက်စာရင်း ပေးပို့ရန် နအဖ ကိုယ်စားလှယ် စရဖ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မှ ဖိအားပေးထား ခဲ့သည်။