၀ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် တြိဂံတိုင်းမှူးပြော

၀ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် တြိဂံတိုင်းမှူးပြော
ဇန်နဝါရီ လဆန်းပိုင်း၌ တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး ကျိုင်းတုံမှ - မိုင်းခတ်၊ မိုင်းယန်းဘက် စိတ်ဓါတ်စစ်ဆင်ရေး နယ်လှည့် ခရီးတွင် ၀ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ထားရန် ဒေသခံစစ်တပ်များအားမှာကြားခဲ့သည်ဟု...

ဇန်နဝါရီ လဆန်းပိုင်း၌ တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး ကျိုင်းတုံမှ - မိုင်းခတ်၊ မိုင်းယန်းဘက် စိတ်ဓါတ်စစ်ဆင်ရေး နယ်လှည့် ခရီးတွင် ၀ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ထားရန် ဒေသခံစစ်တပ်များအားမှာကြားခဲ့သည်ဟု နယ်စပ် သတင်း ရပ်ကွက်ကပြောပါသည်။

“အရင်တုန်းကဆို ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဥက္ကဌတွေ၊ ရွာသူကြီးတွေခေါ်ပြီးဆွေးနွေးမှာ ကြား တယ်။ အခုက အဲလိုမဟုတ်ဘူး၊ တပ်တွင်းမိသားစုတွေနဲ့ဘဲတွေ့သွားတယ်၊ တပ်ပေါ်ကနေတောင်မဆင်းဘူး ဆိုဘဲ” - ဟု တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတဦးက ပြောပါသည်။

ယခုလ ၆-၇ ရက်နေ့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး၏ မိုင်းခတ်၊ မိုင်းယန်း တပ်တွင်းစစ်ရေး စည်းရုံးရေးခရီးစဉ်တွင် ၂၀၀၉ ခုနှစ်အတွင်း လေ့လာသုံးသပ်ခြင်း၊ အရာရှိ/တပ်သား /တပ်မိသားစုများအား အားပေးစကားပြောခြင်း၊ဆောင်ရန် ရှောင် ရန်အချက်များ မှာကြားခြင်းများအပြင် ၀ နှင့် မိုင်းလားတပ်ဖွဲ့ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ထားရန် လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

မိုင်းခတ် နှင့် မိုင်းယန်း မြို့နယ်အတွင်း အခြေစိုက်သည့် တပ်မိသားစုများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကျော်ဖြိုးက အဓိက အကြောင်းအရာ သုံးခု သတိပေးမှာကြားကြောင်း -

(၁)     “ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက ၀ နယ်မြေထဲ ပျောက်သွားတဲ့ ဗမာရဲဘော် ၂ ယောက်အကြောင်း၊ ပြည်ပ သတင်း မီဒီယာတွေ ဖော်ပြတဲ့ ဗမာတပ်ပြေးအကြောင်း” - များမှာ ဗမာ့တပ်မတော်ကိုနာမည်ပျက်သိက္ခာကျစေသဖြင့် နောက်နောင် တပ်ပြေးများ မရှိစေရန် ကြပ်မတ်ကြရန် မှာကြားခြင်း၊

(၂)     “အခေါက်ထူလွန်းတဲ့ ဒီအပစ်ရပ် ၀ တပ်ဖွဲ့ကို  အနုနည်းနဲ့ ဆက်ဆံနေရင် ၁၀ နှစ်လဲ ရမှာမဟုတ်လို့ အကြမ်းနည်းနဲ့ဘဲ ပင်စည်ကို တခါထဲ

ခုတ်လဲပစ်ရမှာဖြစ်ကြောင်း၊ မိုင်းလားတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အင်တင်တင်ဖြစ်အောင် ၀ တပ် က အဓိက ကာဆီးကာဆီး လုပ်နေတာဖြစ်ကြောင်း” - ပြောဆို၍ ၀ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့အား အထူးစောင့်ကြည့် သတိထားရန် မှာကြားခြင်း၊

(၃)    ခလရ ၂၈၁ တပ်ရင်းမှူး ဒု -ဗိုလ်မှူးကြီးဉာဏ်မြင့်ကျော် ဦးစီး အင်အား ၁၃၀ ခန့် ခြေကုတ်ထားသည့် မိုင်းယန်းမြို့ ဇွမ်ဆနုတ်ကုန်း တပ်စခန်းမှ မှန်ပြောင်းဖြင့် ၅-၆ မိုင် အကွာရှိ ၀ တပ်များ ကြည့်ရှုပြီး-“အရင်က ခိုဆုန်နယ်ခြား ဂိတ်တဝိုက်မှာ ၀ နဲ့ မိုင်းလား ပူးပေါင်းတပ်စခန်း တခုဘဲရှိတယ်။ လလယ်ပိုင်းအတွင်း ၁၁ ခု အထိ တိုးလာတော့ ပေါ့သေးသေးထားလို့ မရတော့ကြောင်း”  ၀ နှင့် မိုင်းလား ပူးပေါင်း တပ်စခန်း အမြောက်အများတိုးချဲ့ ချထားမှု အပေါ်စောင့်ကြည့်ရန်မှာကြားခဲ့သည်ဟု -  ကျိုင်းတုံ စစ်တပ်နှင့် မကြာခဏ ကားချောလိုက်လေ့ရှိသူတဦး က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ဒီဇင်ဘာ ၂၈ ရက် ၂၀၀၉ က ကျောက်ဆမ်လူး ဦးဆောင်သည့် ၀ တပ် စစ်ယာဉ်တန်း ကားကြီး/သေး ၃၈ စီး ပန်ဆန်းဌာန ချုပ်နှင့် တပ်မဟာ ၄၆၈ မိုင်းပေါက်ဘက် မှ မိုင်းဖျဲန်ဘက်သို့ဆင်းသွားသော ကိစ္စကိုလည်း ပန်ဆန်းလိုင်းပြေး ဗဲင်ဒရိုင်ဘာ တဦးက “ကျနော် ထင်တာက အဲဒီ ၀ ကားတွေ  မိုင်းလားနယ်မြေထဲ တချို့ဝင်ပြီး တပ်ဖြည့်ပေးတာလဲဖြစ်နိုင်တယ်။ လောလောဆယ် ချက်ခြင်းလက်ငင်းကြီး တိုက်ပွဲမဖြစ်နိုင်ဘူးဆိုပေမယ့် ဗမာစစ်တပ်ကိုမယုံလို့ ၀ နဲ့မိုင်းလားပူးပေါင်း တပ်က သတိ ၀ိရိယ ကောင်းကောင်းရှိနေတယ်ဆိုတာ ပြသတာဘဲ” - ဟု ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၀၀၉ ဒီဇင်ဘာနောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ခဲ့ လည်း  တရုတ်နယ်စပ်အခြေစိုက် အင်အားကြီးအပစ်ရပ်တပ်ဖွဲ့များ လက်ခံအဖြေပေးခြင်းမရှိသေးပေ။