မိုင်းလားအဖွဲ့လူထုအား နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်စည်းရုံးနေ

မိုင်းလားအဖွဲ့လူထုအား နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်စည်းရုံးနေ
နှစ်ဆန်း တစ်ရက်နေ့မှစ၍  မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မိုင်းယန်း  နအဖ - လဝက ၀န်ထမ်းအဖွဲ့မှနိုင်ငံသား စိစစ်ရေးကဒ်ပြားအတွက် ကွင်းဆင်းလုပ်ပေးနေသည်ဟု...

နှစ်ဆန်း တစ်ရက်နေ့မှစ၍  မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မိုင်းယန်း  နအဖ - လဝက ၀န်ထမ်းအဖွဲ့မှနိုင်ငံသား စိစစ်ရေးကဒ်ပြားအတွက် ကွင်းဆင်းလုပ်ပေးနေသည်ဟု နယ်စပ်သတင်း ရပ်ကွက်က ပြောပါသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲမလုပ်ခင်က ကဒ်အဖြူတွေလာလုပ်ပေးတယ်။ အခု အဲ့ကဒ်တွေကို အများသုံးတဲ့ ပန်းရောင် မှတ်ပုံတင် ပြန်လုပ်ပေးတယ်။ ဘာမှမရှိရင်လဲ အသစ်လုပ်ပေးတယ်” - ဟု ဒေသခံတဦးကပြောပါသည်။

NDAA တပ်မဟာ ၃၆၉ ဆီလူးဌာချုပ် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ပေးရန် မိုင်းယန်းမြို့ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦး ဦးဆောင်သော လဝက ၀န်ထမ်း ၅-၆ ယောက်အပြင် အထွေထွေကူညီ ဆောင်ရွက်ရန် ကျောင်းဆရာ/ဆရာမ ၄-၅ ယောက် ပါသည့် ၁၀ ယောက်ကျော်အဖွဲ့က ကွင်းဆင်းလုပ်ပေးနေခြင်း ဖြစ်သည်ဟု ဆို၏။

“နိုင်ငံရေး စစ်ရေး အခြေအနေကြောင့် တခြားဒေသခရီးသွားလာလွယ်ကူ အဆင်ပြေအောင် မှတ်ပုံတင်လုပ်ဖို့ ဒေသခံတွေ စိတ်ဝင်စားကြတယ်၊ လာလုပ်ပေးတဲ့ ၀န်ထမ်းတွေကိုတောင် မှတ်ပုံတင်ကဒ်ရချင်သူတွေက အစားအသောက်တွေ ဘီယာ တွေ အဖါလိုက် လက်ဆောင်သွားပေးတယ်။”- မှတ်ပုံတင်သွားလုပ်သူတဦးက ပြောပါသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားအတွက် မိုင်းလားတပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ကွင်းဆင်းလုပ်ပေး ခဲ့ရာ တရက်လျှင် ၅-၆ ယောက်နှုန်းဖြင့် ယနေ့ အထိ အယောက် ၅၀-၆၀ ခန့်ပြီးစီးသွားပြီဖြစ်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကဆို၏။

မိုင်းလားတပ်ဖွဲ့ ၃၆၉ ဌာနချုပ် အာဏာပိုင်များက သက်ဆိုင်ရာကျေးရွာ တိုက်နယ်အသီးသီးသို့ သွားခွင့်မပြုဘဲ ဆီလူးမြို့ စာသင်ကျောင်းဝင်းအတွင်း၌သာ လုပ်ခွင့် ပြုသောကြောင့် ကဒ်ပြားသစ်သွားလုပ်သူများ နည်းပါးရခြင်းဖြစ်နိုင်သည်ဟု အကဲခတ်များသုံးသပ်ကြသည်။

ထိုင်းနယ်စပ် နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတဦးက အပစ်ရပ်ဒေသအတွင်း နအဖတို့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကွင်းဆင်းလုပ်ဆောင်ပေးခြင်း၏ အခြားရည်ရွယ်ချက် မှာ - အနည်းဆုံး အပစ်ရပ်များ၏ စစ်ရေးပြင်ဆင်မှုအခြေအနေ၊ လူအင်အားစာရင်း တို့ကို အကဲခတ် ထောက်လှမ်းနိုင်ကြောင်း၊ ထို့အပြင် လာမည့်ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ဒေသခံလူထုအား စည်းရုံးနေခြင်းလည်းဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။