မူဆယ် ကြံ့ဖွံ့အတွင်းရေးမှူး ရုတ်တရက် သေဆုံး

မူဆယ် ကြံ့ဖွံ့အတွင်းရေးမှူး ရုတ်တရက် သေဆုံး
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ကြံ့ဖွ့ံအတွင်းရေးမှူး စိုင်းအိုက်အေးသည် ၆၂ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားတက်နေစဉ်  ရုတ်တရက် သေဆုံး သွားကြောင်း...

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ကြံ့ဖွ့ံအတွင်းရေးမှူး စိုင်းအိုက်အေးသည် ၆၂ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားတက်နေစဉ်  ရုတ်တရက် သေဆုံး သွားကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့ နံနက်စောစောပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပချိန်တွင် ဧည့်ခံကျွေးမွေးသည့် ကောက်ညှင်းပေါင်းနှင့် အကြော်များ စားသောက်ကာ  ရုတ်တရက် မူးဝေလာပြီး သေဆုံးခဲ့ကြောင်း မူဆယ် ကြံ့ဖွ့ံ နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မူဆယ် ခယကရုံးမှာ လွတ်လပ်ရေးနေ့ အခမ်းအနား သွားတက်တယ် ကောက်ညှင်းပေါင်းနဲ့ အကြော်ကျွေးမွေးဧည့်ခံတယ် အဲဒါစားပြီး မီးလှုံရင်းနဲ့ မူးတယ် မူးတယ်ဆိုပြီး သေသွားတယ် ” လို့ အဆိုပါ နီးစပ်သူက ပြောသည်။

သေဆုံးသူသည် မူဆယ်မြို့နယ် လဝက (လူဝင်မှုကြီးကြတ်ရေး ) အရာရှိတစ်ဦးလည်း ဖြစ်ကာ တရုတ်နယ်စပ် ကျယ်ဂေါင် - မူဆယ် အဝင်အထွက်ဂိတ် တစ်ခုဖြစ်သော နန်းတော်ဂိတ်ပေါက်တွင် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များထုတ်ပေးရသော တာဝန်ကိုထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

“၅ ရက်နေ့ ညနေပိုင်းမှာ သဂြိုလ်လိုက်တယ် သူက ကြံံ့ဖွ့ံ အတွင်းရေးမှူးလည်းဖြစ် လဝကမှူးလည်းဖြစ်ဆိုတော့ သျှမ်းပြည် (မြောက်ပိုင်း) မှာရှိတဲ့ သူတို့ဌာနဆိုင်ရာတွေ လာပို့ကြတယ် မိသားစုရှိတယ် ကလေး ၂ ယောက် ရှိတယ် ဟိုမွန်ရပ်ကွက်မှာ နေတယ် ”  လို့ သူက ဆက်ပြောသည်။