နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ

နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ
၀ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နယ်မြေအတွင်း နယ်ကျွံဝင်ရောက်သည့် မိုင်းခတ်အခြေစိုက် နအဖစစ်တပ် နယ်လှည့် စစ်ကြောင်းတကြောင်း ဖမ်းဆီးစစ်ဆေးခံရကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက်က...

၀ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နယ်မြေအတွင်း နယ်ကျွံဝင်ရောက်သည့် မိုင်းခတ်အခြေစိုက် နအဖစစ်တပ် နယ်လှည့် စစ်ကြောင်းတကြောင်း ဖမ်းဆီးစစ်ဆေးခံရကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“ဒီဇင်ဘာ ၃၀ ရက်နေ့တုန်းကပေါ့ မိုင်းခတ် အခြေစိုက် ဗမာစစ်တပ် တပ်စိပ် တစိပ်က မိုင်းယန်းမြို့မြောက်ဘက် ၄ မိုင် ဝေးတဲ့ ၀ တပ်ထိန်းချုပ်နယ်မြေထဲ ကျွံဝင်သွားလို့ အဖမ်းခံလိုက်ရတယ်” -ဟု တရုတ် နယ်စပ်သွားလာသူတဦးက ပြော၏။

၀ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နေမြေအတွင်းကျွံဝင်သွားသည့် နအဖစစ်သား ၆ ယောက် တွင် ဦးဆောင်သူ တပ်ကြပ်ကြီး တယောက်ပါ၀င်ကြောင်း၊ တပ်မဟာ ၄၆၈ မိုင်းပေါက် အခြေစိုက် ၀တပ်ဖွဲ့ အင်အားသုံးပြီး ဖမ်းဆီး လက်နက် ြုဖတ် အကြပ်ကိုင် စစ်ဆေးမှသာ လမ်းမှားပြီး ၀ နယ်ထဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ မိုင်းခတ် အခြေစိုက် ခမရ ၃၂၇ က ဖြစ်ကြောင်း ဖြေကြားသည်ဟု ၎င်းကပြော၏။

“အပြစ်မယူဖို့၊ ပြန်လွှတ်ပေးဖို့ ဗမာစစ်သားတွေ တောင်းတောင်းပန်ပန်ပြောယူရတယ်၊ ပြန်လွှတ်မပေးခင် ၀ တပ်မှူးတဦး ကလဲ  နောက်တခါ ဘယ်စစ်ကြောင်း/တပ်ဖွဲ့မဆို လမ်းမမှားမိဖို့၊ ရိုးသားသည်ဖြစ်စေ မရိုးသားသည်ဖြစ်ထပ်မံနယ်ကျွံ လာ ရင် ခွင့်လွှတ်မှာမဟုတ်ဘူး- လို့  မိုင်းခတ် အခြေစိုက် နအဖ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူကို ပြန်ပြောပြဖို့ မှာကြားလိုက် တယ်”- ဟု ၀ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားပြီး အမည်မဖေါ်လိုသူ ဒေသခံတဦးကပြန်လည် ပြောပြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းရန် ဖိအား ပေးမှုကြောင့် ၀ တပ် နှင့် နအဖ အစိုးရတို့ ဆက်ဆံရေး ပို၍မပြေမလည်ဖြစ်နေချိန် နယ်ခြားသတ်မှတ်မျဉ်းကျွံဝင်မှု ပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့အတူ အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA ကလည်း နယ်ခြားစောင့်တပ် တပ်ရင်း ၃ ရင်းအတွက် အင်အား ၁၀၀၀ (၈၈၈ ထက်မနည်း) လူအင်အားစာရင်းပေးရန် ဖိအားပေးထားမှုအပေါ် ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူသော်လည်း ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးချေ။