သျှမ်းပြည်တပ်မတော် မြောက်ပိုင်း အပစ်ရပ် SSA တပ်ဖွဲ့အား ဒေသကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းရန် တပ်ရင်း သုံးရင်း အတွက် စုစုပေါင်း အင်အား ၁၀၀၀ ၀န်းကျင်ပေးပို့ရမည်ဟု ရာဇသံပေးထားကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်ကပြောပါသည်။
“နို၀င်ဘာ ၁၄ ရက်နေ့တွေ့ဆုံပွဲက အသွင်ကူးပြောင်းဖို့ SSA က လူစာရင်းပေးလိုက်တယ်။ ဗမာစစ်ခေါင်းဆောင်တွေ ပရိယာယ်လဲများ ကတိလဲမတည်ဘူး။ SSA ဘက်က ဘယ်လိုဆက်လုပ်မလဲဆိုတာ လူထုအရမ်း စိတ်ဝင်စားတယ်၊ ကချင် တို့ ၀ တို့လိုဘဲလား နိုင်ငံရေးကစားကွက်က မတူကြဘူးမဟုတ်လား။ ခိုင်မာပြတ်သားရင်တော့ တမျိုး” - ဟု သျှမ်းပြည် မြောက်ပိုင်းနေ နိုင်ငံရေးအကဲခတ်တဦးက ပြောပါသည်။
ဒီဇင်ဘာ ၂၀၀၉ အကုန် နောက်ဆုံးထား နယ်ခြားစောင့်တပ် ဒေသကာကွယ်ရေးတပ်အပြီးပြောင်းရန် စစ်အစိုးရရာဇသံ အတိုင်း ယခုလ ၁ ရက်နေ့က စာရင်းပေးသွင်းပြီးသည့်တပ်ဖွဲ့များအား SSA စိန်ဂျော့ ဌာနချုပ်သို့ ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားရောက်ရန် ဗဟိုကော်မတီက ဆင့်ခေါ်ထားကြောင်း အမည်မဖေါ်လိုသည့် မူဆယ်မြို့ခံတဦးက သျှမ်းသံတော် ဆင့်အား ဤကဲ့သို့ပြော၏။
“ဒေသကာကွယ်ရေးတပ်ပြောင်းဖို့ တပ်ရင်း ၃ ရင်းအတွက် SSA က လူအင်အား ၂၀၀ ကျော်လောက်ဘဲပေးထား တယ်လေ။ ဒါကို ဗမာတပ်က အနည်းဆုံး တပ်ရင်းတစ်ရင်း အင်အား ၃၀၀ စာရင်းပို့ခိုင်းနေတယ်။ အဲကြောင့် စာရင်းထဲမှာ ပါတဲ့ တပ်မှူးတပ်ဖွဲ့ တွေကို ဌာနချုပ် စိန်ဂျော့ကို အရေးပေါ်ခေါ်ထားတာ”
နယ်ခြားကာကွယ်ရေးတပ်/ ဒေသကာကွယ်ရေးတပ်/ ပြည်သူ့စစ် အဖြစ်ပြောင်းပြီး စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက် လက်အောက်ခံဖြစ်ရန်အတွက် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့တွင် အလွန်ဆုံး ၂၀% ခန့်သာ လက်ခံသဘောတူကြောင်း၊ စာရင်းသွင်းထားသည့်အတိုင်း တပ်ရင်း ၃ ရင်းတွင် တစ်ရင်း လျှင် ၆၀-၇၀ ခန့်သာရှိသဖြင့် တပ်ရင်းတရင်း ၂၉၆ ယောက် ဗမာတပ် မတော် အရာရှိ ၃၀ ဖြစ်ဖို့ အင်အားရာချီထပ်မံဖြည့်ရမည်ဖြစ် သည်ဟု ပြောပါသည်။
ထို့ကြောင့် စစ်အစိုးရအလိုအတိုင်း အင်အားဖြည့်ရေးပြဿနာ၊ လက်မခံသည့် တပ်ဖွဲ့ဝင်များအတွက် ဖြေရှင်းရမည့် ပြဿနာများ မြောက်ပိုင်းသျှမ်းပြည်တပ်တော်ကအနည်းနှင့်အမြန် ဖြေရှင်းရမည်ဖြစ်ကြောင်း - ရွှေလီမြစ်ဝှမ်းမှ ပုဂ္ဂိုလ်က ဆက်ပြောပြ၏။
“ကျုပ်တို့လက်နက်မရှိတဲ့သူတောင် မကြောက်ဘူး၊ ခင်ဗျားတို့က သေနတ်ကိုင်ပြီး ဘာကြောင့် ကြောက်နေရသလဲ” - ဟု တိုင်းရင်းသား နိုင်ငံရေးပါတီတခုကလည်း အပစ်ရပ်များအပေါ် မကြာမီကဝေဖန်ခဲ့ဖူး၏။
နယ်ခြားစောင့်တပ် BGF နှင့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) HGF အဖြစ်အသွင်ပြောင်းရန် နအဖက ဒက်လိုင်းဖြင့် အကြိမ်ကြိမ်ခေါ်ယူဖိအားပေးသော်လည်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ ၀ ပြည် သွေးစည်းရေးတပ်ဖွဲ့ UWSA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် သျှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA တပ်ဖွဲ့ တို့က လက်မခံဘဲ အကြောင်းပြချက်အမျိုးမျိုးဖြင့် အချိန်ဆွဲ ငြင်းဆန်ခေါင်းခါထားခဲ့သည်။