၀ နှင့် နအဖ ဆက်ဆံရေး နောက်ကွယ်၌ ပြိုင်တူ စစ်ရေးထပ်ပြင်ဆင်

၀ နှင့် နအဖ ဆက်ဆံရေး နောက်ကွယ်၌ ပြိုင်တူ စစ်ရေးထပ်ပြင်ဆင်
ကိုးကန့် အရေးအခင်းပြီးသကာလ ၀ နှင့် နအဖ တွေ့ဆုံဆွေးနွေးခြင်း မရှိရာမှ အောက်တိုဘာလမှစ၍ ပြန်လည်ဆက်ဆံမှု ပြုလာခဲ့သော်လည်း သဘောတူညီမှု မရကြဘဲနှစ်ဘက် စစ်အင်အားဖြည့်တင်း ...

ကိုးကန့်အရေးအခင်းပြီးသကာလ ၀ နှင့် နအဖ တွေ့ဆုံဆွေးနွေးခြင်း မရှိရာမှ အောက်တိုဘာလမှစ၍ ပြန်လည်ဆက်ဆံမှု ပြုလာခဲ့သော်လည်း သဘောတူညီမှု မရကြဘဲနှစ်ဘက် စစ်အင်အားဖြည့်တင်းမှု ပြင်ဆင်မှုများ လုပ်လာသည်ဟု မျက်မြင်များက ဆို၏။

“၁၉ ရက်နေ့က စစ်ကားကြီးတွေ ဘူဒိုဇာ/ဘက်ရိုး နဲ့ မြေထိုးစက်တွေတင်ပြီး တာချီလိတ်ကနေ မြို့အနောက်ဘက် တောင်ပိုင်း ၀ ထိန်းချုပ် နယ်မြေဘက် တက်သွားတယ်” - ဟု တာချီလိတ် လန်မအိုးဂိတ်စောင့် များနှင့်နီးစပ်သည့် ၀န်ထမ်းတဦးက ပြောပါသည်။

တောင်ပိုင်း ၀ ထိန်းချုပ်ဒေသဘက်၌ နအဖ တပ် ပြင်ဆင်မှုပြK လုပ်နေသကဲ့သို့ ယခုလ ၂၀ ရက်နေ့ကလည်း တောင်ကြီးမှ ကွန်ဟိန်း - ကာလိဘက်ဖြတ်သန်းသွားသည့် စစ်လက်နက်ကိရိယာပစ္စည်းတင် နအဖ စစ်ကား ၁၀ စီး ထက်မနည်း သံလွင် အရှေ့ဘက်ခြမ်းသို့ကူးခဲ့ကြောင်း ကွန်ဟိန်း ဒေသခံမျက်မြင်တဦးက ဤကဲ့သို့ပြော၏။

“စစ်ကား ၁၅ စီးလောက် ရှိတယ်ဗျာ့၊ ဘာ အမိုးအကာမှ မရှိဘူး၊ အလေးအပင်တွေလို့ ယူဆရတဲ့ သေတ္တာကြီးတွေ အဆင့် ဆင့်တင်ထားတာတွေ့ရတယ်၊ ဗမာစစ်သားတွေက ‘အားလုံး လက်နက်ခဲယမ်းတွေဘဲ’ လို့တောင်  ကြွားလုံးထုတ်လိုက် သေးတယ်”

ဗမာ့တပ်မတော်က စစ်အင်အား ဖြည့်တင်းသကဲ့သို့ ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ကလည်းပန်ဆန်းဌာနချုပ် ၏ မြောက်ဘက်၊ အနောက်ဘက် နှင့် တောင်ဘက် ၁၅-၂၀ မိုင်အကွာ ၃ ဘက် ၃ တန်တွင် ကတုတ်ကျဉ်းများ ခံတပ် စခန်းများ ပြင်ဆင်တိုးချဲ့ခြင်း၊ လက်နက်ခဲယမ်းများဖြည့်တင်းခြင်းရှိနေကြောင်း၊စစ်ရေးလေ့ကျင့်မှုများ နေ့စဉ်ရက်ဆက် ရှိနေကြောင်း တန့်ယန်းဒေသခံ တဦးက လည်းပြောပါသည်။

“ခွဲမှူး ရင်းမှူးအဆင့် ၀ တပ်အရာရှိအချို့ဆိုရင် ဗမာတပ်နဲ့တိုက်ဖို့အမြဲတမ်းအသင့်ဘဲ၊ ပစ်ချင်ခတ်ချင်တာလက်တောင် ယား နေပြီ” - ဟု တောက်တခေါက်ခေါက်ကြံုးဝါးနေကြကြောင်းလည်းသိရသည်။

နိုဝင်ဘာ ၁၄ ရက် တန့်ယန်းမြို့တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်ရဲမြင့်က - အသက် ၅၀ ကျော် ၀ အရာရှိများ ရာထူးမှ အနားယူရမည် ဟူသည့်အချက်အပေါ် အသက် ၆၀ အထိ အလျှော့ပေးခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၂၂ နောက်ဆုံးထား၍  လူသူလက် နက်စာရင်း ပေးပို့ရမည့် အချက်ကိုမူ UWSA ဘက်မှ တစုံတရာအကြောင်းပြန်ခြင်းမရှိကြောင်းအပစ်ရပ်ခေါင်းဆောင်ပိုင်း မှ အရာရှိတစ်ဦးကပြောပြ၏။

မည်သို့ပင်ဆိုစေ ဒီဇင်ဘာလ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် BGF၊ ဒေသကာကွယ် ရေးတပ် HGF အဖြစ် အပြီး ပြောင်းရမည်ဖြစ်ကြောင်း ၀ တပ်ဖွဲ့အပါအဝင်  အပစ်ရပ်အဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ရာဇဒဏ်ပေးထားသည်။

စစ်အစိုးရမည်မျှပင် ဖိအားပေးစေကာမူ ၀ နှင့် မိုင်းလားတပ်ဖွဲ့က အဖွဲ့အစည်းနာမည် တခုတည်းသာ ပြောင်းရန်အားသန် ပြီး ‘တပ်ရင်းတခု ဗမာ့တပ်မတော်အရာရှိ ၃၀ ပါ၀င်ရမည်၊ ဌာနဆိုင်ရာဝန်ထမ်းများချထားရမည်’ ဆိုသည့် အချက်များကိုမူ ၀ နှင့် မိုင်းတပ်တို့မှ လုံးဝလက်မခံပေ။