ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ

ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ
မြန်မာအမျိုးသမီးတစ်ဦးနှင့်အတူ တရုတ်နိုင်ငံအတွင်းပိုင်းအထိ အိမ်ဖေါ်အလုပ်လုပ်ရန် လိုက်ပါသွားပြီးနောက် တရုတ် အမျိုးသားများထံ ရောင်းစားနေချိန်တွင် ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ် ...

မြန်မာအမျိုးသမီးတစ်ဦးနှင့်အတူ တရုတ်နိုင်ငံအတွင်းပိုင်းအထိ အိမ်ဖေါ်အလုပ်လုပ်ရန် လိုက်ပါသွားပြီးနောက် တရုတ် အမျိုးသားများထံ ရောင်းစားနေချိန်တွင် ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ် မခိုင် မှာ နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာမြေပေါ် ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာသူတစ်ဦးဖြစ်ပြီး  တရုတ်ရဲများက ကားတတန် ရထားတတန်ဖြင့် တရုတ်ပြည်အတွင်းပိုင်း မြို့တစ်မြို့မှ ၄ ရက်ကြာမျှ ပို့ဆောင်ပေးခဲ့သဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် နယ်စပ်ရွှေလီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုလို ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာမိသားစုအသိုင်းအဝိုင်းတွင် တစ်ရက်ကြာနေထိုင်ခဲ့ပြီး နောက်တစ်ရက်၌ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးခဲ့သဖြင့် မကြာမှီသူမသည် အိမ်ပြန်နိုင် တော့မည်ဖြစ်ကြောင်း သူမ၏နေထိုင်မှုတွင် ကူညီခဲ့သူ ရွှေလီဒေသခံ မြန်မာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

လွန်ခဲ့သည့် တစ်လခန့်ကမှ လားရှိုးမြို့ရှိ အဒေါ်ဖြစ်သူ နေအိမ်မှ သူမအား ရွှေလီမြို့တွင်  တစ်လကျပ် ၃ သောင်း ဖြင့် အိမ်ဖေါ်အလုပ်ပေးမည်ဆိုကာ မြန်မာအမျိုးသမီးတစ်ဦးက ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည် ၊၊

၎င်းအမျိုးသမီးက သူမအပါအဝင် နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၂ ဦး တို့အားနယ်စပ်မှ ရက် သတ္တတစ်ပတ်ခန့် ခရီးဆက်ရသော မြို့တစ်မြို့အထိ ခေါ်ဆောင်သွားခဲ့ပြီး တိုက်ခန်းတစ်ခန်းအတွင်း သော့ခတ်ကာ လှောင်ပိတ်ထားခဲ့ကြောင်း သူမနှင့်မေးမြန်းခွင့်ရစဉ်က ပြောကြားထားသည် ၊၊

ထိုသို့သူမတို့ ၃ ဦးအား တိုက်ခန်းအတွင်း၌ သော့ခတ်ထားစဉ် ခေါ်ဆောင်သွားသော မြန်မာအမျိုးသမီး တစ်ဦးက တရုတ်ယောက်ျား ၃ ဦးထံမှ ငွေများယူနေသည်ကိုတွေ့ခဲ့ရပြီး အဆိုပါ တရုတ်ယောက်ျားများနှင့် လိုက်သွားရန် ပြောကြားအပြီး ထွက်ပြေးရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

“သမီးကိုဘာမှမခိုင်းသေးဘူး တိုက်ခန်းမှာထားပြီး သူကအပြင်သွားအုံးမယ်လို့ပြောတာ အခန်းကို သော့ခတ်ခဲ့တာ သော့ခတ်ထားပြီး အခန်းဒီဘက်ဘေးမှာ လူကြီး ၃ ယောက်နဲ့စကားပြောနေတာ သမီးတို့က အသံကြားတယ်ဆိုပြီးမှ ထကြည့်လိုက်တာ ကြည့်လိုက်တော့ ပိုက်ဆံတွေအများကြီး အဲဒီလူကြီး တွေက အဲဒီမိန်းမကြီးကိုပေးနေတာ မြင်တယ် နောက်ပြီး သမီးတို့အခန်းကိုလာပြီးဖွင့်ပြီးတော့မှ နောက်ရက်ကျရင် ငြီးတို့အဲဒီလူတွေလာခေါ်လိမ့်မယ်ငြီးတို့လိုက်သွား လို့အဲလိုပြောတယ် ပြောတော့ ဟိုနှစ်ယောက်ကို ထွက်ပြေးမယ်လို့ပြောတော့ သူတို့ကသိပ်ပြီး မယုံဘူး အဲတော့ အဲဒီမိန်းမက ဘယ်လိုကြားသွားလဲမသိဘူး ၃ ယောက်စလုံး ခြေထောက်တွေကို ထွက်ပြေးအုံးမလားဆိုပြီး တုတ်နဲ့ ရိုက်တယ် သူတို့နှစ်ယောက်ကတော့လမ်းမလျှောက်နိုင်တော့ဘူး သူတို့ ၂ ယောက်ကတော့ ဟိုးအဝေးကြီးမှာကျန်ခဲ့တာ”  လို့ သူမက အတွေ့အကြံုကို ပြောပြသည်။

အရိုက်အနှက်ခံခဲ့ရပြီးနောက် ပြူတင်းပေါက်တံခါးမှန်ကို ရိုက်ခွဲ၍ ခြေထောက်ဒဏ်ရာဖြင့် ကံကောင်း ထောက်မစွာ ထွက်ပြေး လွတ်မြောက်ခဲ့ကာ အိမ်ပြန်နိုင်ခဲ့သော်လည်း ကျန်နေခဲ့သည့် အခြားအမျိုးသမီးငယ်နှစ်ဦး၏ ကံကြမ္မာမည်သို့ ရှိမည် ဆိုသည်ကို မသိရသေးချေ။

“ရောက်ပြီးနောက်တစ်ရက်မှာ လွဲပေးလိုက်တာပေါ့ သူကပြောတာက သူနဲ့အတူနောက်ထပ် အမျိုးသမီး ၂ ယောက် ကျန်ခဲ့သေးတယ် အဲဒါကို ဟိုဘက်ကထပ်စုံစမ်းနေတယ် လောလောဆယ်တော့ ဘာမှထပ်မသိရသေး ဘူး ” လို့စောစော က ရွှေလီဒေသခံက ပြောသည်။

လူကုန်ကူးသူများက မြန်မာဘက်မှအမျိုးသမီးများအား ဖျားယောင်းခေါ်ဆောင်ကာ တရုတ်ဘက်ခြမ်းတွင် မယား နှင့် လိင်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရောင်းစားလျှက်ရှိသည်။

လွန်ခဲ့သည့်နှစ်အတွင်း တရုတ်အာဏာပိုင်များက ရှာဖွေတွေ့ရှိသမျှ မြန်မာအမျိုးသမီးများအား မြန်မာနိုင်ငံ ဘက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သဖြင့် အမျိုးသမီးတချို့အိမ်ပြန်နိုင်ခဲ့သော်လည်း မြန်မာပြည်စီးပွားရေး ချွတ်ခြံုကျနေမှုအောက် တွင် လူအရောင်းအဝယ် လုပ်ငန်းမှာခေတ်စားလျှက်ပင်ရှိနေဆဲဖြစ်သည်။

Most read this week