နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၀ တပ်ဖွဲ့ ကိုယ်စားလှယ် နှင့် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့်တို့ ပြီးခဲ့သည့် စနေနေ့က တွေ့ဆုံပွဲ ၌ သဘောတူညီမှု တစုံတရာ မရခဲ့သည့်အပြင် ၀ မြေမှ နအဖ တပ်စခန်းများရုပ်ပေးရန် ၀ တပ်ဖွဲ့ကထပ်မံ တောင်း ဆိုခဲ့ရသည်။
“ကျနော်တို့ခေါင်းဆောင်တွေတော်တော်အလျှော့ပေးခဲ့ပြီးပြီ၊ အခုတဖန် နယ်ခြားစောင့်တပ် ပြောင်းဖို့ တပ်ရင်း ၃ ရင်း ဘဲ ထားရမယ်တဲ့၊ ဘယ်သူလက်ခံနိုင်မှာလဲ။ စဉ်းစားကြည့်လေ ၀ ဘက်က ဗမာအရာရှိ ၃ ယောက် ဌာနချုပ်ပန်ဆန်းလာနေဖို့ တောင် လက်ခံပြီ၊ ဗမာဘက်က ဘာမှလျှော့မပေးတော့ ကျနော်တို့လဲ ထပ်တောင်းရတာပေါ့” - ဟု အမည် မဖေါ်လိုသည့် ပန်ဆန်း ၀ တပ်သားတဦး ကပြောပါသည်။
နိုဝင်ဘာ ၁၄ ရက် တန့်ယန်းမြို့တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်ရဲမြင့်က “အသက် ၅၀ ရာထူးမှ နားမယ်ဆိုတာကို ခင်ဗျားတို့ လက်မခံ ရင်လဲ အသက် ၆၀ အထိ ထားပေးမယ်။ နိုဝင်ဘာ ၂၂ နောက်ဆုံးထားပြီး လူသူလက်နက်စာရင်း အားလုံး သတင်းပေးပို့ရ မယ်၊ ဒီဇင်ဘာလ နောက်ဆုံး နယ်ခြားစောင့်တပ် BGF၊ ဒေသကာကွယ်ရေးတပ် HGF အပြီးပြောင်းရမယ်” ဟုပြောကြောင်း ဆို၏။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်အတွက် ဗမာ့တပ်မတော်မှ ကျွမ်းကျင်အရာရှိ ၃ ယောက်သာ ပန်ဆန်းဌာန ချုပ်၌ တာဝန်ထမ်းဆောင်ရန် လက်ခံကြောင်း၊ အခြားအချက်အလက်များ တစုံတရာလက်မခံနိုင်ကြောင်း၊ ထို့အတူ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်အပြင် ကွန်ခါကွန်ခုံးရှိ မက်မန်းမြို့နယ်(လက်ရှိ စစ်အစိုးရ ထိန်းချုပ်နယ်မြေ)အတွင်းရှိ ဗမာတပ် စခန်းများ အားလုံး တပ်ရုပ်ပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း၊ ထိုကဲ့သို့တောင်းဆိုရသည်မှာ ၀ တပ်ဖွဲ့ တခုတည်းအတွက်မဟုတ် ဘဲ မိုင်းလားတပ်ဖွဲ့ အတွက် ပါ၀င်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိုင်းလားတပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့ တလုံးတဝတည်းဖြစ်ဖို့ သဘောတူထားကြောင်း ပြောကြားခဲ့သည်ဟု အမည်မဖေါ်လိုသည့်တန့်ယန်းမြို့ခံ တဦးကပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်းမှ ၀ တပ် နှင့် နအဖ တပ် ဆက်ဆံရေးအခြေအနေစောင့်ကြည့်လေ့လာသူတဦးက - “အခု တွေ့ဆုံပွဲ က တရုတ်အစိုးရတိုက်တွန်းချက်ကြောင့် ၀ ဘက်က တော်တော်အလျော့ပေးတာကိုတွေ့ရတယ်။ နအဖ ဘက်က ဘာ မှအလျော့မပေးဘူး၊ အမျိုးသားညီလာခံကလည်း ၀ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ တင်ပြခဲ့တဲ့ အချက်တွေကို လည်း လက်မခံဘူး အခုလဲ သူတို့လိုရာကိုဘဲဖိပြောနေတော့ အခြေအနေမကောင်းလာဘဲ ပိုတောင်ဆိုးလာဦးမယ်။ မော်ဖှမှာ ရှိတဲ့ နအဖ တပ်တွေရုပ်သိမ်းဖို့ ထပ်တောင်းတယ်ဆိုတာက ၀ ဘက်ကစျေးပြန်ကိုင်လာတဲ့သဘော”- ဟု သျှမ်းသံတော်ဆင့် သို့ သုံးသပ်ပြ၏။
မြန်မာ့တပ်မတော်ပြီးလျှင် ၀ တပ်ဖွဲ့သည် အင်အား အတောင့်တင်းဆုံးဖြစ်သည်။ ၀ တပ်ဖွဲ့အင်အား ၃ သောင်းခန့်ရှိရာမှ နယ်ခြားစောင့် တပ်အသွင်ပြောင်းလျှင် (ဗမာ့စစ်တပ်အရာရှိ အယောက် ၃၀ ပါ၀င်သည့် တပ်ရင်းတရင်းအင်အား ၃၂၀ ယောက်ရှိ) တပ်ရင််း ၃ ရင်းသာ ထားရှိတော့မည် ဖြစ်သောကြောင့် ၀ တပ်ဖွဲ့ လုံးဝ လက်မခံနိုင်ခြင်းဖြစ်သည်။