တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ - “အပစ်ရပ်ခဲ့တာ အပျော်အပါး လိုက်ဖို့မဟုတ်ဘူး - နိုင်ငံရေး ပြဿနာကို စစ်ရေး နည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့” - ဟု ဗိုလ်မှူးကြီးယွက်စစ်က ပြောပါသည်။
အမျိုးသားညီလာခံ NC ၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ တင်ပြချက်ကို စစ်အစိုးရက လက်မခံသောကြောင့် တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် ဆက်လက်ငြင်းဆန်နေခြင်းဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ/ သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးယွက်စစ်က -
၁။ စစ်အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အချိန်ဆွဲထားခြင်း၊
၂။ အမျိုးသားညီလာခံ၌ အပစ်ရပ်တို့ တင်ပြခဲ့သည့်အကြောင်းအရာ အချက်လက် များကိုလက်မခံ /ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မထည့်သွင်းထားခြင်း ၊
၃။ အပစ်ရပ်တို့အား လက်နက်ချရန်သာ အတင်းအကြပ်ဖိအားပေးခြင်း၊
၄။ လက်နက်အတင်းအကြပ်ချခိုင်း၍မရသည်တွင် နယ်ခြားစောင့်တပ်/ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အဖြစ်ပြောင်းခိုင်းခြင်း - စသဖြင့် တဆင့်ပြီးတဆင့် ခြေလှမ်းတိုး ဖိအားပေးလာခဲ့ခြင်းဖြစ်သည်ဟု ပြော၏။
“သူတို့ အပစ်ရပ်ခဲ့တာ ဆယ်စုနှစ်ချီရှိပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်ဘူး၊ တဖွဲ့ပြီးတဖွဲ့ လက်နက်ဖြုတ် ခံရတာ ဘဲရှိတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
၀ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖ ဖိအားပေးရာမှာ - “အပစ်ရပ်လာတာ အနှစ် ၂၀ တောင်ရှိပြီ အပြောင်းအလဲအတွက် ဘယ်လောက်အထိ စောင့်ရမလဲ” - ဟု စစ်အစိုးရကမကြာခဏ ပြောကြောင်း၊ ၀ တပ်ဖွဲ့ကလည်း “ကျနော်တို့အပစ်ရပ်လာတာ အနှစ် ၂၀ ရှိပြီ၊ ကျနော်တို့တောင်းထားတဲ့ဟာ ဘာတခုမှမရဘူး၊ အဲဒါကြောင့် အနှစ် ၁၀၀ အထိလဲ စောင့်သင့်ယင် စောင့်ရမှာဘဲ” -ဟု အချင်းချင်းပြောဆိုကြောင်း နယ်စပ်ဘက်ခရီးသွားလာသူတဦးက ပြန်လည် ပြောပြ၏။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း - နအဖတို့ ပင်လုံစာချုပ်အတိုင်း ပြန်လည်အကောင်အထည် ဖေါ်လျှင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမဆိုထားနှင့် လက်နက်အပြီးအပိုင်စွန့်ခိုင်းလည်း စွန့်မည်ဖြစ်ကြောင်း - ကချင် သတင်းဌာန KNG က ရေးသား၏။
သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးက - ၀ တို့ မိုင်းလားတို့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ နယ်ခြားစောင့်တပ် BGF ဒေသကာကွယ်ရေးတပ် HGF အား နာမည်ဖြင့်သာ လက်ခံပြီး နောက်ဆက်တွဲပါအချက်များ တခုမှလက်မခံခြင်းသည် ၀ိုင်အရက်ဟောင်းအား ပုလင်းသစ်/တံဆိပ်သစ် ပြောင်းတပ်ခြင်းနှင့်သာတူကြောင်း သုံးသပ်ပြ ပါသည်။