ကိုးကန့်အရေးအခင်းကာလ ၀ နှင့်စစ်အစိုးရတို့ ဆက်ဆံရေး တင်းမာမှုအထွဋ်အထိပ်ရောက်ပြီးနောက်ပိုင်း အလျှော့ အတင်းပြုလုပ်ရန် ၀ ဘက်မှ ခြေတလှမ်းနောက်ဆုတ်ပေးဖို့ သဘောတူလိုက်ပြီး နအဖ ကိုလည်း ၀ တပ်ဖွဲ့နည်းတူ လုပ်ရန်လိုအပ်ကြောင်း ၀ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ၀င်ဆန့်သည့်သတင်းရပ်ကွက်ကပြောပါသည်။
နိုဝင်ဘာ ရ ရက် က UWSA ၀ ပြည်သွေးစည်းရေးတပ်မတော် ပန်ဆန်းဌာနချုပ်၌ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဆိုင်ရာ အစည်းဝေးတရပ်ကျင်းပကြောင်း၊ အစည်းအဝေး၌ ၀ ဘက်ကမှ ခြေတလှမ်းဆုတ် အလျှော့အတင်းပြုလုပ်ရန် သဘောတူကြောင်း၊ နှစ်ဦးနှစ်ဘက်ပြေလည်ရန် နှစ်ဘက်စလုံးလျော့ပေါ့ဆက်ဆံဖို့ တရုတ်အစိုးရ တိုက်တွန်းချက်ကြောင့် ဖြစ်ကြောင်း - ဆို၏။
“၀ ဘက်က စပြီးအလျှော့ပေးတဲ့သဘော၊ နယ်ခြားစောင့်တပ် ဆိုတဲ့အမည်ကိုလက်ခံမယ်၊ ဒါကလွဲယင် အရင်ကပုံစံပဲ ရှိစေချင်တယ်” - ဟု ၀ အရာရှိတဦးက ပြောကြောင်း အဆိုပါ ဆိုစ့်က ပြောပြပါသည်။
အသွင်ကူးပြောင်းရေးကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ယခုလ ၃ ရက်နေ့က တွေ့ဆုံရန် ချိန်းဆိုထားသော်လည်း မတွေ့ဆုံဖြစ်ကြောင်းလည်းပြော၏။
“တရုတ်တွန်းအားကြောင့် ၀ ခြေတလှမ်းဆုတ်ပေးလိုက်ပြီ၊ ဒါကို ဗမာစစ်ခေါင်းဆောင်တွေက ၀ လုပ်သလို မလုပ်ဘဲအခွင့် ကောင်းယူပြီး ခြေလှမ်းထပ်တိုးလာရင်တော့ သင့်တော်မယ် မဟုတ်ပါဘူး” - ဟု ၀ အရာရှိတဦးပြောကြောင်း ထိုဆိုစ့်ကဆို၏။
အောက်တိုဘာ ၂၈ ရက် မိုင်းလားတပ်ဖွဲ့နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံစဉ် နယ်ခြားစောင့်တပ်အသွင်ပြောင်း ရန်၊ သတ်မှတ်ထားသည့် သင်တန်းနေရာ နှင့် အသက်အကန့်အသတ်အတိုင်း လုံးဝ အကောင်အထည်ဖေါ်ရန် ဗိုလ်ချုပ် ရဲမြင့်က တဘက်သတ်ပြောခဲ့သော်လည်း မိုင်းလားတပ်ဖွဲ့က အဖွဲ့အစည်း/တပ်နာမည် တခုတည်းသာပြောင်းရန် အားသန် နေ၏။
၀ ပြည်သွေးစည်းရေးတပ်မတော် UWSA နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA မိုင်းလားတပ်ဖွဲ့ နည်းတူ မြောက်ပိုင်း အပစ်ရပ် SSA လည်း ဗမာတပ်မတော် အရာရှိ ၃၀ ၀င်ရောက်ရောနှောနေရာယူခြင်း၊ ဌာနဆိုင်ရာများ ရုံးစိုက်ခြင်း စသည့်အချက်များ လက်မခံဘဲ Border Guard Force BGF / HGF Home Guard Force ဆိုသည့် အမည် တခု တည်းသာ ပြောင်းလဲရန် တပ်ဖွဲ့အတွင်းသဘောတူထားကြောင်း သိရပါသည်။