ထူထောင်ရေး တာဝန်ကျ နအဖ ဒုတပ်ရင်းမှူး ၎င်း၏ တပည့်နှစ်ယောက်အား ပစ်ခတ်

ထူထောင်ရေး တာဝန်ကျ နအဖ ဒုတပ်ရင်းမှူး ၎င်း၏ တပည့်နှစ်ယောက်အား ပစ်ခတ်
သျှမ်းပြည်အလယ်ပိုင်း မီးရှို့ခံရသည့်ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးတာဝန်ကျသည့် တပ်ရင်းမှဒုတပ်ရင်းမှူး နှင့်၎င်း၏ လက်အောက်ငယ်သား အချေအတင် စကားများ ကြရာမှ  တပည့်နှစ်ယောက်အား သေနတ်ဖြင့် ...

သျှမ်းပြည်အလယ်ပိုင်း မီးရှို့ခံရသည့်ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးတာဝန်ကျသည့် တပ်ရင်းမှဒုတပ်ရင်းမှူး နှင့်၎င်း၏ လက်အောက်ငယ်သား အချေအတင် စကားများ ကြရာမှ  တပည့်နှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ ကြောင်းသျှမ်းပြည် အလယ်ပိုင်းသတင်းရပ်ကွက်က ဆိုပါသည်။

မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုအတွက် ပြည်လည်တည်ဆောက်ရေးတာဝန်ကျသည့် ခမရ ၅၁၇ မှ ဒုတပ် ရင်းမှူး ဗိုလ်မှူး အောင်နိုင်ထူးက ၎င်း၏တပည့် ၂ ယောက်ဖြစ်သူ တပ်ကြပ်ကြီးမြင့်ဇော်နှင့် တပ်သား အောင်စိုး အား အောက်တို ဘာ ၂၃ ရက် ည ၁၀ နာရီအချိန်က သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု လဲချားမှ ၀န်ထမ်းတဦး ကပြောပြ၏။

“ တပ်ကြပ်ကြီးမြင့်ဇော်နဲ့ တပ်သားအောင်စိုးကို ဒုတပ်ရင်းမှူးက အလုပ်ကိစ္စနဲ့ပါတ်သက်လို့ ခေါ်ဆဲတော့ဟိုနှစ် ယောက်က ‘မီးရှို့ခိုင်းတုန်းကလဲ အထက်အမိန့်ဘဲ။ အခုအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲ  အထက် အမိန့်ဘဲ၊ မောရတာ/ခေါ်ဆဲခံရတာကျတော့ ကျနော်တို့ လက်အောက်ငယ်သားတွေ’ လို့ ခံပြောတော့ ဒုတပ်ရင်းမှူးကစိတ်ဆိုး ပြီးပစ်လိုက်တာ။ သေတော့မသေဘူး။ ဒဏ်ရာပြင်းတယ်” ဟု ပြော၏။

ထိုအပါတ်အတွင်းမှာပင် မီးရှို့ခံရသည့် လဲချားမြို့နယ် တတ်မောက်၊ အုပ်စုဟိုလုံး(မ်)ဖက် တာဝန်ကျသည့် စစ် သားများ တောထဲသစ်ခုတ်ကြရာ အောက်သို့ လိမ့်ဆင်းသည့် သစ်တုံးပိမိ၍ တပ်ကြပ်ကြီးအဆင့် စစ်သား တယောက်သေဆုံးခဲ့ ကြောင်း ရွာသားများကဆို၏။

“ တတ်မောက်၊ ဟိုလုံးဘက်က တာဝန်ကျတာ အင်္ဂျင်နီယာတပ် နဲ့ ခလရ ၂၄၇ ” ဟု လဲချားစျေးသည် တဦးက ပြော၏။

အောက်တိုဘာ ၁ ရက်နေ့ည၌လည်း မိုးနဲအခြေစိုက်ခလရ ၂၄၈ တပ်ခွဲ ၂ မှစစ်သားများကျေးသီး မြို့နယ်သို့စစ်ကြောင်း ထွက်စဉ် မီးရှို့ခံရသည့်ရွားများအား ပြန်ဆောက်ပေးရေးနှင့် ပါတ်သက်၍ အရက်ဝိုင်း၌ အချင်းချင်းအချေအတင်စကား များ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးခွဲ၊ ပစ်ခတ်ကြသဖြင့် ၅ ယောက်ထက်မနဲ သေဆုံးခဲ့၏။ထိုရန်ပွဲမှ စစ်ကြောင်းမှူးဗိုလ်မှူး ဇော်ထွန်းလည်း အပြင်းအထန်ဒဏ်ရာရသဖြင့် တောင်ကြီးသို့ပို့ဆောင် ကုသခဲ့ရ၏။

သျှမ်းပြည်အလယ်ပိုင်း နမ့်ဇန်၊ မိုင်းနောင်၊ ကျေးသီး၊ လဲချား၊ မိုင်းကိုင်မြို့နယ်တဝိုက် နေထိုင်သည့် ကျေးလက်လူထု အား စစ်အစိုးရတပ်က သျှမ်းသူပုန်ဆက်သွယ်ထောက်ပ့ံသတင်းပေးသည်ဟုစွပ်စွဲကာ အိမ်ခြေ ၅၀၀ ကျော်မီးရှို့ဖျက်ဆီး ပြီး ကျေးရွာ ၃၉ ရွာအား ဂျူလိုင်လနှောင်းပိုင်းက အဓမ္မပြောင်းရွေ့ခိုင်းခဲ့သည်။

Most read this week