စစ်အစိုးရ နှင့် UWSA ၀ တပ်ဖွဲ့NDAA-ESS မိုင်းလားအပစ်ရပ် တပ်ဖွဲ့တို့အကြား ဆက်ဆံရေး လချီတင်းမာခဲ့ရာမှ မကြာသော အချိန်အတွင်း ဆက်ဆံရေး ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း တရုတ်နယ်စပ်သတင်း ရပ်ကွက်အရသိရ ပါသည်။
ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး နှင့် တွေ့ဆုံရန် မကြာတော့သောအချိန်အတွင်း မိုင်းလားတပ်ဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်စေလွတ်မည်ဟု ပန်ဆန်းကုန်သည်တဦးကပြော၏။
“ကျနော်သိရသလောက်ဆို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို မူအရသာသူတို့လက်ခံ တယ်၊ ပြောင်းဖို့ကိုတော့ ဒီမိုကရေစီအစိုးရသစ်ပေါ်လာမှ ဆုံးဖြတ်မယ်၊ အခုအခြေအနေထိ သူတို့ရဲ့ရပ်တည်မှုက မပြောင်းဘူး၊ ဒါပေမဲ့ ပုံစံနည်းနာပြောင်းတာ” - ဟု အဆိုပါ ကုန်သည်က ပြော၏။
၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ပန်ဆန်းဌာနချုပ်ကလည်း ယခုလကုန်ပိုင်း စစ်အစိုးရနှင့် သွားရောက်တွေ့ဆုံ ဖွယ်ရှိကြောင်း၊ သွားမည့်သူနှင့် နေ့ရက်နေရာအတိအကျကိုမူ မသိရသေးကြောင်း ၀ အရာရှိ အသိုင်းအဝိုင်းက ဆိုသည်။
“ BGF ပြောင်းတာမပြောင်းတာက အစိုးရသစ်ပေါ်လာမှကျနော်တို့ဆုံးဖြတ်မယ်။ အထူးဒေသတိုင်းအစား ဖက်ဒရယ် ပြည် ထောင်စုထဲက ပြည်နယ်တခုအဖြစ် ကျနော်တို့လိုချင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့မရှိဘူး။ လောလော ဆယ် ဆက်ဆံရေးက သဘောထားကြီးပြီး Compromise ဖြစ်ဖို့လိုတယ်။စစ်အစိုးရကိုယ်စား လှယ်နဲ့တွေ့ဆုံဖို့လားရှိုး စစ်တိုင်းရုံး ဖြစ်ဖြစ် တန့်ယန်းမြို့မှာဘဲဖြစ်ဖြစ် ကျနော်တို့ အဆင့်မြင့်အရာရှိတွေ စေလွတ်ဖို့ရှိတယ်” - ဟု အမည်မဖေါ် လိုသည့် ၀ အရာရှိတဦးက ပြောပါသည်။
သြဂတ်စ်လ နှောင်းပိုင်း ကိုးကန့်အရေးအခင်းမတိုင်မီကတည်းက နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး BGF/HGF အသွင် ပြောင်းရန် စစ်အစိုးရဘက်မှ အင်အားပြ ဖိအားပေးသည့်အတွက် နှစ်ဘက်အင်အားဖြည့်တင်းစစ်ရေးပြင်ဆင်ခဲ့ ကြသည်။ ကိုးကန့်ဒေသကိုလည်း စစ်အစိုးရ အင်အားသုံးပြီး ၀င်ရောက်သိမ်းပိုက်သည်အထိ ဖြစ်ခဲ့သည်။
တရုတ်-မြန်မာနယ်စပ် တလျှောက် တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြရန် နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးအား တရုတ် ဒုဝန်ကြီးချုပ် လီခေချဲန်က အောက်တိုဘာ ၁၉ ရက်ကတိုက်တွန်း လိုက်ပါသည်။ ထိုင်းနိုင်ငံ ဟိုဟင်၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ထိုနည်းတူပြောကြားခဲ့သည်။ “အဲဒီအချက်တွေကြောင့် စစ်အစိုးရနဲ့ အပစ်ရပ်တွေ သဘောထား ပြောင်းလဲလာတာလဲဖြစ်နိုင်တယ်” - ဟု ထိုင်းနယ်စပ်ရှိနိုင်ငံရေးလေ့လာ သူတဦးက သုံးသပ်ပါသည်။