သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကိုးကန့် မြို့တော် လောက်ကိုင်းမှ ၁၂.၈ကီလိုမီတာ အကွာအဝေးတွင်ရှိသည့် ရန်လုံချိုက်မြို့ ၌ နယ်စပ်ကုန်သွယ်ရေးဇုံ တစ်ခုကို ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်ဆင်ဟွာသတင်းက ယခုလ (၁၅) ရက်နေ့တွင် ရေးသားဖေါ်ပြခဲ့သည်။
ယခု ကုန်သွယ်ရေးဇုန် အသစ်ဖွင့်မည်ဆိုသည့် နေရာအနီး တဝိုက်တွင် သြဂုတ်လကုန်ပိုင်းက နအဖစစ်တပ်နှင့် ကိုးကန့်ငြိမ်းချမ်းရေး တပ်ဖွဲ့တို့ကြား လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် တည်ရှိသည့် ချင်းရွေဟော်မြို့ အပါအဝင်ကိုးကန့် ဒေသ မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းအားလုံး လိုလို ရပ်ဆိုင်းသွားကာ ဒေသခံပြည်သူ (၄၀၀၀၀) ခန့်လည်း စစ်ဘေးလွတ်ရာ တရုတ်ဘက်ခြမ်း နန်စန်းဒေသသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
နှစ်ဘက်တိုက်ပွဲများအပြီး တစ်လခွဲခန့်အကြာတွင် ကိုးကန့်ဒေသ၌ အဆိုပါ ကုန်သွယ်ရေးဇုံသစ်ဖွင့် လှစ်မည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
၎င်းအသစ်ဖွင့်မည်ဆိုသည့် ကုန်သွယ်ရေးဇုန်၏ အလားအလာနှင့်ပတ်သက်၍ ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက မေးခွန်းထုတ်လျှက်ရှိသည်။
လက်ရှိ အနေအထားတွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာ ပုံမှန်ကောင်းမွန်လာခြင်း မရှိသေးကြောင်းသိရသည်။
အဆိုပါ ဒေသတွင်းရှိ လက်ရှိ စီးပွားရေးအခြေအနေများကို ကိုးကန့်ဒေသ၏ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့၌ သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော် ဆင့် ကို ယခုလို ပြောသည်။
“တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ စီးပွားရေးသမားတွေက အကုန်လုံးနီးပါး ထွက်ပြေးကုန်တယ် တချို့တွေ လည်းဒီဘက် (ဗမာခြမ်း) မှာရှိတဲ့ သူတို့ပစ္စည်းတွေကို သယ်သွားကြတယ် အခုတိုက်ပွဲပြီးသွားတာ တစ်လကျော်ကြာ လာပြီလေ အရင်ထွက်သွားတဲ့ လုပ်ငန်းရှင်တွေက ပြန်မလာကြတဲ့အပြင် ဒီမှာရှိတဲ့ စီးပွားရေးသမားတွေ တောင် မှသူတို့လုပ်ငန်း တွေကို ရွေ့ပြောင်းနေတယ် ဂိုဒေါင်တွေ အခန်းတွေထဲမှာရှိတဲ့ ပစ္စည်းတွေကစ လျှော့စျေး နဲ့ ထုတ်ရောင်းပြီးတရုတ်ဘက် ပြောင်းတာတွေရှိတယ် ” လို့ အဆိုပါ စီးပွားရေးသမားက ပြောသည်။
နယ်စပ် ကုန်သွယ်ရေးနှင့်ပတ်သက်၍ သူကဆက်ပြောရာတွင် “ အရင်က တရုတ်ဘက်ကိုသွင်းနေတဲ့ နှမ်းဆိုရင် အခု တရုတ်က လုံးဝမဝယ်တော့ဘူး ပြောင်းက အရင်ထက်စာရင် တဝက်လောက်ပဲ ၀ယ်တော့တယ် ပြောင်းစျေးနှုန်းက လည်း အရင် တစ်အိပ် ယွမ်(၈၀) ရှိတာ အခု (၆၀)လောက်ပဲ ရတော့တယ် ကုန်သွယ်ရေး က ပြန် ကောင်းမလာတော့ ဘူး ” လို့ သူက ဆိုသည်။
ယခုလို တိုက်ပွဲများအပြီး တစ်လကျော်ကြာလာသော်လည်း ကိုးကန့်ဒေသ စီးပွားရေး အခြေအနေမှာ ဆုတ်ယုတ် နေဆဲဖြစ်သည့် အပြင် အသစ်် ပြန်လည် ဖွဲ့စည်းထားသည့် ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့သစ် အပေါ် ဒေသခံ လူထုက ယုံကြည်မှုကင်းမဲ့လျှက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေအနေများအောက်တွင် ကုန်သွယ်ရေးဇုန်သစ်မှာ အောင်မြင်ဖွယ် အလားအလာ လွန်စွာနည်းကြောင်း သူကဆိုသည် ။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၌ တရုတ်ဘက်မှ နှမ်းနှင့်ပြောင်းကဲ့သို့ သွင်းကုန်များ အဝယ်မလိုက် တော့သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အတိအကျ ပြောရန် ခက်ခဲသည်ဟု ဆိုသည်။
သို့သော် မြန်မာပြည်တွင်း သတင်းမီဒီယာများက တရုတ်ဘက်မှ နှမ်းဝယ်လိုအား မြင့်လာ၍ အောက်တိုဘာလဆန်းပိုင်း မှစ၍ စျေးနူန်းများပြန်တက်လာသည်ဟု ဆိုသည်။
နအဖပိုင်သတင်းစာများက တိုက်ပွဲအပြီး ကိုးကန့်ဒေသတွင်း အခြေအနေများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီဖြစ် ကြောင်း မကြာခဏ ရေးသားလေ့ရှိသော်လည်း ဒေသခံကုန်သယ်များက ထိုအချက်မမှန်ကြောင်း ငြင်းဆို ကာကုန် သွယ်ရေးဇုံသစ်၏ အလားအလာသည်ပင် မရေရာလှဟု ဆိုသည်။