တိုင်းမှူးအမိန့်အရ ရွာမီးရှို့မှု၌ ဓါးစားခံအဖြစ် စကခမှူး စစ်ခုံရုံးတင်ခံရ

တိုင်းမှူးအမိန့်အရ ရွာမီးရှို့မှု၌ ဓါးစားခံအဖြစ် စကခမှူး စစ်ခုံရုံးတင်ခံရ
သျှမ်းပြည်အလယ်ပိုင်း လဲချား - မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ သို့ စကခမှူး အဖြစ် ဗိုလ်မှူးကြီးကျော်ဇံမြင့် ရောက် ရှိတာဝန်ထမ်းဆောင်သည့်ကာလအတွင်း လူထုစည်းရုံးရေးညံ့ဖျင်းခြင်း၊ လူသူလက်နက်အများအပြား ဆုံးရှုံးခြင်း ...

သျှမ်းပြည်အလယ်ပိုင်း လဲချား - မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ သို့ စကခမှူး အဖြစ် ဗိုလ်မှူးကြီးကျော်ဇံမြင့် ရောက် ရှိတာဝန်ထမ်းဆောင်သည့်ကာလအတွင်း လူထုစည်းရုံးရေးညံ့ဖျင်းခြင်း၊ လူသူလက်နက်အများအပြား ဆုံးရှုံးခြင်းတို့ကြောင့် စစ်ခုံရုံးတက်ရန်ဆင့်ခေါ်ခံရသည်ဟု သျှမ်းပြည်အလယ်ပိုင်းသတင်းရပ်ကွက် ပြောပါသည်။

“တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က သျှမ်းရွာမီးရှို့မှုမှာ သျှမ်းပြည်တပ်မတော်ခွဲထွက် မိုင်းဇင့်အဖွဲ့နာမည်နဲ့ ရှို့ခိုင်း တယ်ပြောတယ်။ ဒါပေမဲ့ DVB. RFA VOA တို့က သတင်းမှန်ထုတ်လွှင့်လိုက်တော့ စစ်အစိုးရ အတွက် မျက်နှာပျက်တယ် ပေါ့ဗျာ၊ သူ့မှာတာဝန်ရှိတယ်၊ ထိန်းထိန်းသိမ်းသိမ်းမလုပ်တတ်ဘူးဆိုပြီးတော့ စစ်ခုံရုံးတင်ခံရတာဖြစ်တယ်” - ဟု မိုင်းကိုင်မြို့ ရှိ ၀န်ထမ်းတဦးက ပြောပြသည်။

အမည်မဖေါ်လိုသည့် စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် မိုင်းကိုင်ဝန်ထမ်း တဦးပြောပြချက်အရ ဗိုလ်မှူးကြီးကျော်ဇံမြင့် စစ်ခုံရုံးတင်ခံရခြင်း အဓိက အကြောင်းရင်း ၃ - ၄ ခုရှိကြောင်း -

၎င်းင်းရောက်ရှိတာဝန်ထမ်းဆောင်သည့်ကာလအတွင်း လူထုစည်းရုံးရေးညံ့ဖျင်းချင်း၊လူသူလက်နက်အများအပြား ဆုံးရှူံးခြင်း၊ ကျေးလက်လူထုနေအိမ် မီးရှို့မှုတွင်လည်း သျှမ်းပြည်တပ်မတော်ခွဲထွက် လက်နက်ချမိုင်းဇင့်အဖွဲ့ရှို့ သည်ဟု အကွက်ဆင် ထားသော်လည်း ဗမာ့တပ်မတော်နာမည်ဖြင့်သာ သတင်းမှန်ထွက်သွားခြင်းတို့အပြင်မီးရှို့ခံရ သည့်ရွာများမှ ပျဉ်ထောင် အိမ်တစ်ရာကျော် ပြန်လည်ထူထောင်ရေး ဆောက်လုပ်ရေးလုပ်ငန်း၌လည်းစက်တင်ဘာလ အတွင်းပြီးစီး အောင် မလုပ်နိုင် ခြင်းတို့ကြောင့်ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အမှန်တော့မီးရှို့မှုက တိုင်းမှူးဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင်အမိန့်ပေးခဲ့တာဘဲ၊ သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လူ၊ တိုင်းမှူး ရာထူးလဲ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ပေးထားတယ်လေ။ အပြစ်အနာအဆာအားလုံးကို အမှတ်၂ စကခ မှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် ခေါင်းပေါ်ပုံချပြီး ခေါင်းရှောင်လိုက်တဲ့တဘော” -  ဟု  ဆက်ပြောပြ၏။

စစ်ခုံရုံးတက်ရန်အတွက် ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် လွန်ခဲ့သည့် ရက် ၂၀ လောက် ကတည်းက လဲချားမှတောင်ကြီးသို့ ထွက်သွားခဲ့ပြီဖြစ်ကြောင်း၊ တချို့ကလည်း နေပြည်တော်သို့ ပို့လိုက်ပြီဟု သတင်းဖြစ်နေကြောင်း ကံမကောင်းလျှင် ထောင်ကျနိုင်ကြောင်း၊ တာဝန်၊ ရာထူးပြုတ်မည်မှာသေချာကြောင်း သတင်းရပ်ကွက်က ဆိုသည်။