ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး
ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် ကိုယ်တိုင် အမိန့်ပေး ညွှန်ကြားခဲ့သည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်ပြော ...

ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် ကိုယ်တိုင် အမိန့်ပေး ညွှန်ကြားခဲ့သည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက် ပြောပါသည်။

“မီးရှို့ခိုင်းတုန်းကလဲ သူဘဲ၊ အခု အားချင်းအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲသူဘဲ၊ ပြည်သူတွေကို ဘယ်လို မျက်နှာပြရမလဲ” - ဟု သျှမ်းပြည်အလယ်ပိုင်းရှိ တပ်ရင်းမှူးတဦးပြောကြောင်း နီးစပ်သူတဦး က ပြောပါသည်။

မီးရှို့ဖျက်ဆီးခံရသည့် လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အလိုက် ပျဉ်ထောင်အိမ် အလုံးပေါင်း ၁၂၀ ကျော်အား သုံးလအတွင်း အပြီးဆောက်လုပ်ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ညွှန်ကြားမှု အပေါ် ဆိုဒ်အတွင်းကွပ်ကဲသည့် တပ်ရင်းမှူးများ မကျေမနပ် ညည်းတွားကြောင်း၊ မီးရှို့ခိုင်းစဉ်ကလည်း ဗိုလ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးခဲ့ကြောင်း မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့နှင့် - နီးစပ်သည့် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဆီတိုက်ရိုက်ညွှန်ကြားတယ် တဲ့။ ဗျူဟာနှစ်ခု လက်အောက်ခံ တပ်ရင်း ၅ ရင်းက ရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ အဓမ္မပြောင်း ရွေ့ခိုင်းတယ်။ ရွာသူ ရွာသားတွေ မိုးတွင်းတခုလုံး အိုးမဲ့အိမ့်မဲ့ဘဝ နဲ့ ဒုက္ခခံခဲ့ရပြီး မိုးကုန်မှ အလျင်စလို အိမ်ပြန် ဆောက်ပေးဖို့ တိုင်းမှူးက ပြန်ပြောလာတယ်။ သူခိုင်းချင်ရာခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ မခံနိုင်ဖြစ်လာ တာပေါ့” - ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးလက်လူထုအတွက် စစ်တပ်က သစ်လုပ်ငန်းရှင်များအား (ခွဲစိတ်ပြီးသားသစ် တန်ချိန် ၃၀၀၀ ထောင်၊ သစ်တုံး တန်ချိန် ၂၀၀၀ ကျော်) သစ်ပါမစ်ပေးခဲ့သော်လည်း မိုင်းကိုင်မြို့နယ် တုံလောဝ် အခြေစိုက် ဗျူဟာမှူးက ကားလမ်းဘေးရှိ ကျေးရွာများအား တစ်အိမ်လျှင် သစ်တစ်တန်နှုန်းခုတ်ဖြတ်ပေးရန် ဆင့်ဆိုခဲ့သည်ဟုဆိုသည်။

အမည်မဖေါ်လိုသည့် ရွာသူကြီးတဦးက - “ တရုပ်နယ်စပ်အခြေအနေက မကောင်းဘူးဆိုတော့ သစ်ပါမစ်ရလဲလုပ်စားဖို့က အဆင်မပြေပြန်ဘူး၊ ရှင်းရှင်းပြောရင် ဗျူဟာမှူးအမိန့်နဲ့ ရွာသားတွေကို လုပ်အားပေးခုတ်ခိုင်း ထားတဲ့သစ်တွေကိုသစ်ပါမစ်ရ ထားတဲ့သူတွေက တတန် ၃ သိန်းနှုန်းနဲ့ ပြန်သွားဝယ်ရတယ်။ အဲဒီသစ်တွေနဲ့ မီးရှို့ခံရတဲ့ သူတွေအတွက်ပြန်ဆောက်ပေး ရမယ်၊ သစ်ပါမစ်ရထားတဲ့ဟာကတော့ သူတို့နဲ့မဆိုင်တော့ဘူး၊ ကိုယ့်ဟာကိုဘဲ ခုတ်ဖြတ်ထုတ်ရောင်းဖို့ရှိတယ်” - ဟု ရှင်းပြ၏။

မီးရှို့ဖျက်ဆီးခံရသော တတ်မောက်ကျေးရွာအုပ်စု ၊ ဟိုခိုင်းကျေးရွာအုပ်စုအား နားဂစ်ပျဉ်ထောင်အိမ်ပုံစံတူစံပြကျေးရွာ လုပ်ပေးရန် နှင့် အစိုးရဌာနများဖြစ်သည့် သစ်တော၊ ကျန်းမာရေး၊ ပညာရေးဌာနအပြင် တိုင်းစစ်ဗျူဟာ တခုလည်းတိုးချဲ့ ထားရှိသွားမည်ဟု အမည်မဖေါ်လိုသည့် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

ကျေးလက်လူထုအား သျှမ်းသူပုန်ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ နေအိမ်ဥစ္စာပစ္စည်းများ၊ စပါးကျီများပါ မကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး သုံးလအတွင်း အိမ်အသစ်ပြန်ဆောက်ပေးရန် ရပခ တိုင်းမှူးညွှန်ကြားရခြင်းမှာ အကြောင်း ၃ ရပ်ရှိကြောင်း - (၁) ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ပြည်သူလူထုအား စည်းရုံး ချွေးသိပ်ခြင်း။ (၂) သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေအတွင်း စစ်အစိုးထပ်တိုးချရန်ရှိခြင်း၊ (၃) ဒေသခံ စစ် အရာရှိများက သစ်လုပ်ငန်းရှင်များထံမှ ၀င်ငွေရရန် ဖန်တီး ပေးခြင်းတို့ ဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုကြသည်။

သျှမ်းသူပုန်များအား ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟု ယူဆခံရသည့် လဲချား မိုင်းကိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၅၀၀ ကျော်) အား ဂျူလိုင်လနှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မပြောင်းရွေ့ အိုးအိမ်စွန့်ခွာခိုင်းခဲ့ပါသည်။