နယ်ခြားစောင့်တပ် လက်မခံသည့် ၀ တပ်ဖွဲ့အား မူးယစ်ဆေးဝါးဖြင့် ပုံချ

နယ်ခြားစောင့်တပ် လက်မခံသည့် ၀ တပ်ဖွဲ့အား မူးယစ်ဆေးဝါးဖြင့် ပုံချ
၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်ဖိအားပေးမှုအပေါ် လက်မခံသည့် ၀ ပြည်သွေးစည်းရေးတပ်မတော်အား မူးယစ်ဆေးဝါးအမှုများဖြင့်  ယမယ်ရှာအပြစ်ပုံချ ...

၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်ဖိအားပေးမှုအပေါ် လက်မခံသည့် ၀ ပြည်သွေးစည်းရေးတပ်မတော်အား မူးယစ်ဆေးဝါးအမှုများဖြင့်  ယမယ်ရှာအပြစ်ပုံချပြန်ကြောင်း မူးယစ်လေ့လာရေး အသိုင်းအဝိုင်းက ပြောပါသည်။

“အရင်တုန်းက ၀ တပ်ဖွဲ့ဖက်က တရုတ်ကုန်သည်တွေ မူးယစ်ရောင်းဝယ်တာကို နအဖ ဖက်က မသိကျိုးကျွံပြုခဲ့တယ်။ အခုက ၀ တပ်ဖွဲ့ကို အပြစ်ရှာချင်လာတော့ မူးယစ်ဆေးဝါးမှု မဖြစ်ဖြစ်အောင် ဖန်တီးနေတယ်။ ၀ က မူးယစ်ဆေးကူး သန်း ရောင်းဝယ်မှုနဲ့ ပတ်သက်တယ်ဆိုပြီး တရားဝင်သတင်း ထုတ်ပြန်လာတာရှိတယ်။ ခွန်ဆာခေတ်တုန်းက ဘယ်သူ ဘယ်အဖွဲ့ ကဘဲ မူးယစ်ဆေးဝါးဘယ်လောက်ဘဲရောင်းဝယ်ဖောက်ကားနေပါစေ ခွန်ဆာအဖွဲ့ကိုချည်းလက်ညှိုးထိုး တယ်” - သျှမ်းပြည်မူးယစ်စောင့်ကြည့် လေ့လာရေးအဖွဲ့ဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါသည်။

၂၆/၉/၀၉ ရက် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု၌ ဖမ်းမိသော သိန်းချီသည့် ယာဘများမှာ ၀ တပ်ဖွဲ့၏ ပစ္စည်း ဖြစ်ကြောင်း၊ ၁၈/၉/၀၉ ရက်နေ့ တောင်ပိုင်း ၀ တပ်ဖွဲ့ကားများ ၀မ့်ဟုန့်မှ မိုင်းကျွတ်ဘက်သို့ ညဘက် ၅-၆ စင်း ထွက်ခွါ သွားသည်ကိုလည်း အိုက်စ် ခေါ် ခေါင်းခါဆေးပြားများနှင့် ဘိန်းဖြူဘလောက်တုံးများသယ်ယူသွားခြင်းဖြစ် ကြောင်း စစ်အစိုးရ အသိုင်းအဝိုင်းက ပြောဆိုခဲ့ပါသည်။

“မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်လာရင် နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေ ထိပ်ပိုင်းအရာရှိတွေ ပါ၀င်ပတ်သက်ခဲ့တယ် ဆို တာ ကျနော်တို့မှာလဲ သက်သေအထောက်အထားရှိတယ်။ ကျနော်တို့ကိုချည်း အပြစ်ပုံချလို့ မရပါဘူး” - ဟု အမည် မဖေါ်လိုသည့် ၀ အရာရှိတဦးက ပြောပါသည်။

စစ်အစိုးရ၏နားဂစ်ဖွဲ့စည်းပုံအရ အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခဲ့မှုအပေါ် ၀ တပ်ဖွဲ့ က ထိပ်ပိုင်းမှနေ၍ အမျိုးမျိုးအကြောင်းပြ ခေါင်းခါငြင်းဆန်နေသည့် ၀ တပ်ဖွဲ့အပေါ် မူးယစ်ဆေးဝါးကိစ္စ ယမယ်ရှာ ခြင်းဖြင့် စစ်အစိုးရက လက်ညှိုးထိုးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် လကလည်း တပ်အသွင်ပြောင်းရေးအပေါ် ငြင်းဆန်သည့် ဖုန်ကြားရှင်း ခေါင်းဆောင်သောကိုးကန့်တပ်ဖွဲ့ အား မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လက်နက်စက်ရုံထူထောင်မှုစွဲချက်တို့ဖြင့် အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်၍ ကိုးကန့်ဒေသ အား သိမ်းပိုက်ခဲ့သည်။