သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အဖွဲ့များအား စစ်ရေးလေ့ကျင့်ပေးနေသည့်အပြင် မိုင်းဆတ်၊ မိုင်းတုံမြို့မှ လား ဟူပြည်သူ့စစ် အရာရှိ ၃၀ ခန့်လည်း ပျဉ်းမနား နေပြည်တော်သို့ ပို့ဆောင် သင်တန်းပေးနေကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။
မိုင်းခတ်အခြေစိုက် ဗျူဟာမှူးဗိုလ်မှူးကြီးနေလင်း၏ညွန်ကြားချက်ဖြင့် ယခုလ ၂၃ ရက်မှစ၍ မိုင်းယန်းမြို့ စွမ်းအားရှင်များအား သေနတ်ြုဖတ်နည်း၊ တပ်ဆင်နည်းမှအစ ပစ်နည်းခတ်နည်းများ လေ့ကျင့်ပေးနေသည်ဟု တာချီလိတ်ရောက် မိုင်းယန်းဒေသခံတစ်ဦးကပြောပြ၏။
“ မိုင်းယန်းမှာ စွမ်းအားရှင်တွေကိုစစ်ရေးလေ့ကျင့်ပေးနေတာ အခုတစ်ခေါက်ဆို ၂ ကြိမ်မြောက်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က လေ့ကျင့်ပေးတာ စွမ်းအားရှင်အင်အား ၅၀ ကျော်ရှိတယ်။ အခုတခေါက် ၄၀ ကျော်ရှိတယ်၊ ၂ သုတ်ပေါင်း ၉၀ ကျော်ရှိပြီ။ သူတို့ခေါင်းဆောင်က ရဲထွက်၊ ဒုရဲအုပ်စံသိန်းတဲ့ အသက် ၅၀ ကျော်ပြီ။ မိုင်းယန်း စျေးတန်းရပ်ကွက်မှာနေတယ် ” - ဟုဆို၏။
စစ်ရေးလေ့ကျင့်ပေးသည့်ကာလမှာ တစ်သုတ် ၁၀ ရက်၊ ဆင့်ခေါ်ခံရပြီး မသွားလိုပါက လူစားငှါးပေးရကြောင်း၊ တရက်လျှင် တရုတ်ငွေ ယွမ် ၂၅- ၃၅ အထိ ပေးရကြောင်း - ၎င်းင်းကဆက်ပြောပြ၏။
“စစ်ရေးသွားလေ့ကျင့်ရတဲ့စွမ်းအားရှင်တွေ ဗမာစစ်တပ်က တပ်ထွက်တွေအများဆုံးဘဲ။ နောက် ပလောင်၊ လားဟူ၊ သျှမ်း လဲပါတယ်။ အများအားဖြင့် ဆေးစွဲသူတွေ၊ ဆေးဖြတ်နေတဲ့ပိန်ညောင်ရိုးခြောက်တွေလဲပါတယ်” ဟု ကားသမား တစ်ဦးကလဲပြောပြ၏။
ထို့အပြင် မိုင်းတုံ မိုင်းဆတ်မှ လားဟူပြည်သူ့စစ် အရာရှိ အယောက် ၂၀-၃၀ ခန့်ကိုလဲ နေပြည်တော်သို့ စစ်သင်တန်း သွားတက်ရန်စစ်အာဏာပိုင်များစေလွှတ်ခဲ့သေးသည်ဟု မိုင်းဆတ်မှ စစ်တပ်ချောကား စတဲန်းပိုင်သွားစောင့် ပေးရသည့် ကားဆရာတစ်ဦးကပြောပြ၏။
“ကြပ်ပြေး မှာ ၂ လ ၃ လ လောက်ကြာမယ်တဲ့။ ပြည်သူ့စစ်တွေက အနဲဆုံး ၁၀ တန်းအောင်တွေချည်းဘဲ။ ဗမာစစ်တပ် က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို တိုက်ရင် ဒီပြည်သူ့စစ်တွေကို ထုတ်သုံးမှာ သေချာ တယ်လို့ဒေသခံတွေ ပြောနေကြတယ်” - ဟု ဆို၏။
သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ မိုးနဲ၊ လင်းခေးတို့တွင်လည်း မီးသတ်အဖွဲ့အား အစိုးရစစ်တပ်က စစ်ရေးလေ့ကျင့်ပေးနေကြောင်း၊ များသောအားဖြင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ ၌ဖြစ်ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်လည်း ဆိုပါသည်။