တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာတက်စေရန် လားဟူပြည်သူ့စစ်ကို လက်ကိုင်တုတ်အဖြစ်သုံး

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာတက်စေရန် လားဟူပြည်သူ့စစ်ကို လက်ကိုင်တုတ်အဖြစ်သုံး
တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာဖြစ်စေရန် လားဟူပြည်သူ့စစ်အဖွဲ့အား ဒေသခံအစိုးရစစ်တပ်က အင်အားဖြည့်တင်း ပေး၍ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော် နယ်လှည့်ခိုင်းသည့်အပြင် ၀ တပ်ဖွဲ့ ...

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာဖြစ်စေရန် လားဟူပြည်သူ့စစ်အဖွဲ့အား ဒေသခံအစိုးရစစ်တပ်က အင်အားဖြည့်တင်း ပေး၍ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်နယ်လှည့်ခိုင်းသည့်အပြင် ၀ တပ်ဖွဲ့နှင့် ပြဿနာတက်လျှင် ချက်ချင်း ပူးပေါင်းတုန့်ပြန် ကူတိုက်မည်ဟု ပြောထားကြောင်း မိုင်းတုံမြို့နယ် လားဟူအသိုင်းအဝိုင်းက ပြောပါသည်။

“အရင်က ဂျပီးကွယ် ဦးဆောင်တဲ့ နားကောင်းမူး လားဟူပြည်သူ့စစ်တပ်ဖွဲ့မှာ လူသူလက်နက် အင်အား ၄၀ လောက်ရှိ တယ်။ အခု လက်နက်အပြည့်အစုံနဲ့ ၂၀ ထပ်ဖြည့်ပေးတယ်၊ ပြီးတော့ ၀ နယ်ထဲ စစ်ကြောင်းလှည့်ခိုင်းတယ်၊ ၀ ကိုသွားရန် စခိုင်းသလိုပေါ့။ ၀ ဘက်က စပစ်ရင် ဗမာစစ်တပ်က ချက်ချင်းကူတိုက်မယ်လို့ ပြောထားတယ်” - ဟု အမည်မဖေါ် လိုသည့် လားဟူ အမျိုးသားတဦးက ပြောပါသည်။

ကိုးကန့်အရေးအခင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စစ်အစိုးရအကြား တင်းမာမှုဖြစ်ပွားလာခဲ့ပြီး မိုင်းတုံ - မိုင်း ဆတ် - တာချီလိတ် တလျှောက် နအဖတပ်လမ်းကင်းများက ၀ တပ်ဖွဲ့ဝင်များ၏ အသွားအလာအပေါ် အထူးတင်းကြပ် စစ်ဆေးကြောင်း၊ မိုင်းဆတ်မြို့အရှေ့တောင်ဖက်တွင်လည်း သံချပ်ကာကား အကြီးအသေး ၁၀ စီးခန့် ချထားသည့်အပြင် တပ်အင်အား ၂၀၀ ကျော် ၃၀၀ ခန့်လည်း ထပ်ဖြည့်ထားကြောင်း - မိုင်းဆတ်မြို့ခံကုန်သည် တဦးကပြော၏။

စက်သေနတ် နှင့် အမြောက်တပ်ဆင်ထားသည့် (အသေးစား) တိုက်ပွဲဝင် သံချပ်ကာကားမှာ စစ်သား ၃-၄ ယောက် လိုက်ပါနိုင်ပြီး အကြီးစားတွင် ရ-၈ ယောက် ၀င်နိုင်သည်ဟုဆို၏။

“အခုဆို ၀ အရာရှိတွေ ဟိုဟိုဒီဒီသွား/လာချင်ရင် ဗမာစစ်တပ် အာဏာပိုင်ကို- နာမည် ၊ ရာထူး၊ လက်နက် အမျိုးအမည် လူစာရင်း ၃-၄ ရက် ကြိတင်အကြောင်းကြားထားရတယ်။ ၀ အရာရှိတွေလဲ ဗမာအာဏာပိုင် တွေနဲ့ မရှုပ်ချင်တော့ ဒရိုင်ဘာငှားပြီးသွားတယ်၊ အရင်က ကားမောင်းခ ၁ ရက် ဘတ် ၂၀၀-၃၀၀ ကနေ အခု ဘတ် ၁၀၀၀ - ၁၅၀၀ အထိ ခုန်တက်သွားတယ်” - ဟု အမည်မဖေါ်လိုသည့် တာချီလိတ် ကားဆရာတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

စစ်အစိုး၏ ပစ်မှတ်သည် မိုင်းတုံ - နားကောင်းမူး - ပုံပါကျင် - (ထိုင်းနယ်စပ်) ဘီပီဝမ်း ကားလမ်း အနောက်ဘက်ခြမ်းရှိ တောင်ပိုင်း ၀ ဌာနချုပ် မိုင်းကျွတ်ဘက် ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့အားထိုးစစ်ဆင်လျှင် လားဟူပြည်သူ့စစ်တပ်ဖွဲ့ကို ရှေ့ပြေး တပ် အဖြစ် အသုံးချမည်ဖြစ်ကြောင်း၊ ထိုင်းနယ်စပ်တလွှားအခြေချ နအဖတပ်များတွင်လည်း လူသူလက်နက် အင်အား အများအပြား ဖြည့်တင်းထားကြောင်း - ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူနှင့် ရင်းနှီးသည့် ကားဆရာ တဦးက ပြောပြပါသည်။

“၅ ရက်နေ့က ဗမာတပ် အင်အား ၅၀ လောက် မိုင်းတုံ - ပုံပါကျင် ကားလမ်းနောက်ဘက် ထိုင်းနယ်စပ်နား နမ့်လုတ် တောင်ပေါ် ၀ တပ်စခန်းအထိ ကျူးကျော် ၀င်ရောက်သွေးထိုးစမ်းကြည့်တယ်။  ၀ တပ်နားမရောက်ခင် ၀ တပ်ဘက်က သေနတ်ပစ်ဖေါက်ခြိမ်းခြောက်တဲ့အတွက် သူတို့အားလုံးပြန်ဆုတ်လိုက်ရတယ်” - ၀ တပ်မှူးတဦးနှင့် ရင်းနှီးသည့် ပုံကျင်မြို့ သားတဦးက ပြောပြ၏။