ဖုန်ကြားရှင်းတို့အား လွဲအပ်ပေးရန် ၀ တပ်ဖွဲ့ထံ နအဖ တပ်မှူး စာရေးတောင်း

ဖုန်ကြားရှင်းတို့အား လွဲအပ်ပေးရန် ၀ တပ်ဖွဲ့ထံ နအဖ တပ်မှူး စာရေးတောင်း
အာဏာလက်လွတ်ခဲ့ရသူ ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းတို့ ညီအစ်ကို သားအဖ ၄ ဦး အား လွဲအပ်ပေးရန် ဗမာစစ်တပ် အာဏာပိုင်က ၀ တပ်ဖွဲ့ထံ စာရေးအကြောင်းကြား တောင်းဆိုလိုက်ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ပြော ...

အာဏာလက်လွတ်ခဲ့ရသူ ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းတို့ ညီအစ်ကို သားအဖ ၄ ဦး အား လွဲအပ်ပေးရန် ဗမာစစ်တပ် အာဏာပိုင်က ၀ တပ်ဖွဲ့ထံ စာရေးအကြောင်းကြား တောင်းဆိုလိုက်ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ပြောပါ သည်။

စက်တင်ဘာ ၂ ရက်နေ့ လောဝ်ကိုင်း စကခ မှူး ဗိုလ်မှူးချုပ်ဝင်းမောင် က တိမ်းရှောင်နေသူ ဖုန်ကြားရှင်းတို့ ၄ ဦးအား လွဲအပ်ပေးရန် ပန်ဆန်း ၀ ဌာနချုပ်ထံ စာရေးအကြောင်းကြားလိုက်ကြောင်း၊ ဖုန်ကြားရှင်းအပါအဝင် ၎င်း၏ညီဖုန်ကြားဖူး၊ သားဖြစ်သူ ဖုန်တာ့ရှန်း၊ ဖုန်တာ့လီ တို့အား နာမည်နှင့်တကွ ဖေါ်ပြခဲ့ကြောင်း သိရှိရ၏။

“မနေ့တုန်းက ကျနော်တို့ဆီစာရောက်တယ်၊ ဒီနေ့ ၃/၉/၀၉ အစည်းအဝေးထိုင်တယ်၊ ဘာမှအကြောင်း မပြန်ဖို့ ဆုံးဖြတ် တယ်” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိတဦးက အခိုင်အမာပြောကြောင်း  ခေါင်းဆောင်အချို့ နှင့် ရင်းနှီးဝင်ဆန့်သူ တယောက်က သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။

“အကြောင်းပြန်ပြန် မပြန်ပြန် ပြဿနာရှာချင်တဲ့ စစ်အစိုးရအဖို့ ပြဿနာတခုခုဖန်တီးလာမှာဘဲ”- ဟု ၀ ထိပ်ပိုင်းခေါင်း ဆောင်များ ယုံကြည်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ဖုန်ကြားရှင်းနှင့် အပေါင်းပါများ ၀ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ပုန်းရှောင်နေသည်ဟု နအဖ စစ်တပ်က ယူဆ ထင်မှတ်သော်လည်း “ အခုအချိန်မှာ ဖုန်ကြားရှင်းဘယ်မှာရှိတယ်ဆိုတာ ကျနော်တို့မပြောနိုင်သေးဘူး” - ဟု အပစ်ရပ် ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်တို့ပြောပြပါသည်။

ကိုးကန့်အရေးအခင်းမှ ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကြောင့် ၀ ဒေသအတွင်းဝင်ရောက် အကူအညီပေးနေသည့် NGOsအဖွဲ့အစည်းများအား ၀ နယ်မှ ထွက်ခွါပေးရန်လည်း ၀ခေါင်းဆောင်များ မေတ္တာရပ်ခံထားကြောင်း - ၀ အရာရှိနှင့် ရင်းနှီးသည့် ကုန်သည်အသိုင်းအဝိုင်းကပြောပါသည်။