ဒေသခံ တပ်ရင်းသူလျှိုပျောက် ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားသို့ ထွက်ရှာ

ဒေသခံ တပ်ရင်းသူလျှိုပျောက် ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားသို့ ထွက်ရှာ
ပျောက်ဆုံးသွားသည့် နအဖ စစ်တပ် သူလျှို သုံးယောက်သတင်း ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားတာဝန်ရှိ များထံသွားရောက် စုံစမ်းမေးမြန်းခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ပြော ...

ပျောက်ဆုံးသွားသည့် နအဖ စစ်တပ် သူလျှို သုံးယောက်သတင်း ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားတာဝန်ရှိ များထံသွားရောက် စုံစမ်းမေးမြန်းခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“ယမန်နေ့က ကျိုင်းတုံ ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း ၊ စရဖမှူး ဗိုလ်မှူး ရန်နောင်စိုး မိုင်းလားကိုရောက်လာတယ်။ အထူးဒေသ ၄ ထဲမှာ သူတို့ စစ်သား ၃ ယောက် ပျောက်သွားလို့ သတင်းလာမေးတာတဲ့၊ ကိုးကန့် ကိစ္စနဲ့ပတ်သက် ပြီး တော့လဲ နားမယောင်ဖို့လာပြော တယ်ကြားတယ်” - ဟု ကျိုင်းတုံရောက် ပန်ဆန်းကုန်သည်တဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

အထူးဒေသအတွင်း စစ်အစိုးရလွတ်ထားသောသူလျှိုအများအပြားရှိကြောင်း၊ ယခုပျောက်သွားသည့် သူလျှိုသုံး ဦးအနက်တပ်ကြပ်ကြီး ဆင့်ရှိသူတဦးကို ဒဏ်ရာအပြင်းအထန်နှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း - အပစ်ရပ်အဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

“ကျနော်သိရသလောက် ပျောက်သွားတဲ့ စစ်အစိုးရ သူလျှိုအုပ်စုလို့ ယူဆရသူတွေဟာ နယ်လှည့်ဆေးကု ဆရာဝန် ဟန်ဆောင်ပြီး အပစ်ရပ်အဖွဲ့အတွင်း အရေးကြီးကိစ္စ ဌာနတည်နေရာတွေ လိုက်ထောက်လှမ်း တဲ့သူတွေဖြစ်တယ်၊ ပြန်တွေ့တဲ့ တယောက်က ခေါင်းမှာဒဏ်ရာတွေနဲ့လို့ပြောတယ်။ အခုမိုင်းယန်းဆေးရုံမှာ” - ဟု အဆိုပါကုန်သည်က ဆက် ပြောပါသည်။

ပျောက်ဆုံးသွားသည့် စစ်တပ်သူလျှိုနှင့် ပတ်သက်၍ မိုင်းလားအဖွဲ့က တစုံတရာ သိရှိခြင်းမရှိခဲ့ကြောင်း၊ ရှာဖွေ တွေ့ရှိလျှင်အမြန်ဆုံး အကြောင်းကြားပေးမည်ဖြစ်ကြောင်း - ပြန်လည်ပြောကြားခဲ့သည်ဟု ဆို၏။

စစ်အစိုးရ အရာရှိ နှစ်ဦးနှင့် အဖွဲ့ မိုင်းလားသို့ လူပျောက်သတင်းသွားရောက်စုံစမ်းမေးမြန်းသည့် ခရီးစဉ်တွင် “ကိုးကန့် ကိစ္စ နဲ့ ပတ်သက်လို့ ဘာမှ စိုးရိမ်ထိပ်လန့်ဖို့မလိုဘူး၊ ပုံမှန်အတိုင်းဘဲ နေသွားပါ။ ကိုးကန့်တပ်ဖွဲ့အတွင်း စိတ်ဝမ်းကွဲခဲ့တာ ကို တပ်မတော်က ၀င်ရောက်ဖြေရှင်းပေးတာပါဘဲ။ ဒါကို ဖုန်ကြားရှင်း အုပ်စုက လက်မခံတဲ့အတွက် တိုက်ပွဲတွေဖြစ်ရတာ။ အခြေအနေပုံမှန်အတိုင်း ပြန်ဖြစ်အောင် တပ်မတော်က ကူညီဆောင်ရွက်ပေးခဲ့ပြီးပြီ” - ဟု ကျိုင်းတုံ ဂျီဝမ်း က ပြောကြားခဲ့သည်ဟုဆိုသည်။

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးသုံးသပ်နေကြကြောင်း၊ လောလောဆယ် စစ်အစိုးရအင်အားသုံးပြီး မိုင်းလားအပေါ် ဖိအားပေးလာမည့် အခြေအနေမရောက်သေးသော်လည်း - အနာဂတ် မလွဲမသွေ ရင်ဆိုင်ရမည့် အခြေအနေအဆိုး/ကောင်း အတွက် အဆင်သင့် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေး သည် ဟု အပစ်ရပ်နှင့် နီးစပ်သည့် ပန်ဆန်းကုန်သည်အသိုင်းအဝိုင်းက ပြောပါသည်။