ကိုးကန့်ဒေသ နယ်စပ်တလျှောက် တရုပ်တပ်များ ချီတက် နေရာယူ

ကိုးကန့်ဒေသ နယ်စပ်တလျှောက် တရုပ်တပ်များ ချီတက် နေရာယူ
ကိုးကန့်နှင့် စစ်အစိုးရတပ် ဆက်ဆံရေး တစထက်တစ အခြေအနေ တင်းမာလာမှုကြောင့် နှစ်ဖက်အကြား  အချိန်မရွေး ပစ်ခတ်မှု ဖြစ်ပွားနိုင်သဖြင့် တရုပ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (China’s People’s Liberation Army ) ...

ကိုးကန့်နှင့် စစ်အစိုးရတပ် ဆက်ဆံရေး တစထက်တစ အခြေအနေ တင်းမာလာမှုကြောင့် နှစ်ဖက်အကြား  အချိန်မရွေး ပစ်ခတ်မှု ဖြစ်ပွားနိုင်သဖြင့် တရုပ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (China’s People’s Liberation Army ) အင်အား ရ၀၀ ကျော်ကလည်း ကိုးကန့်ဒေသနှင့် မျက်နှာချင်းဆိုင် နယ်စပ်တလျှောက်သို့ ရောက်ရှိ အသင့်နေရာယူလျက်ရှိကြောင်း အပစ်ရပ် အဖွဲ့တဖွဲ့ထံမှ သိရသည်။

ယခု ၂-၃ ရက်အတွင်း ကိုးကန့်မြို့တော် လောက်ကိုင်အနီးအနား ပတ်ဝန်းကျင်တခုလုံး ဗမာစစ်တပ် အင်အား ၂၀၀၀ ကျော် ၀ိုင်းရံနေရာယူထားသည်ဟုလည်း သိရသည်။

“ဗမာစစ်တပ်တွေ အခွင့်ကောင်းကို စောင့်နေတာဘဲ။ ကိုးကန့်အဖွဲ့ အကွဲအပြဲ အက်ကြောင်း ပေါ်ရင်ပေါ်သလို သပ်လျှိုဝင်စီးမဲ့ အနေအထား ဖြစ်နေတယ်” ဟု အမည်မဖော်လိုသည့် ၀ အရာရှိတဦးက ပြောသည်။

ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းမှ သြဇာအာဏာအားလုံး လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားသည် ဟုစွပ်စွဲပြီး ၎င်း၏ဒုစစ်ဦးစီးချုပ် ဖြစ်သူ ပိုင်စုန်ချိန်၊ အုပ်ချုပ်ရေးဌာန တာဝန်ခံ မီရှောက်ထင် ၊ အီးစီအဖွဲ့ဝင် လီကိုရှီး နှင့် တပ်မှူး လီအေ တို့က အင်အား ၁၀၀ ကျော်ဖြင့် ဖုန်ကြားရှင်အား ပုန်ကန် အာဏာသိမ်းရန်အတွက် နအဖတပ်နှင့် ပူးပေါင်းသွားရာမှ အခြေအနေ ပိုမို ဆိုးရွား ရှူပ်ထွေးခဲ့သည်။

ယင်းဆန့်ကျင်သူများအနက် တဦးဖြစ်သူ ဝေရှောက်ယန် ကိုမူ ဖုန်ကြားရှင်း တပ်ဖွဲ့ဘက်က ဖမ်းဆီးထားကြောင်း သိရသည်။

“ပိုင်စုန်ချိန်နဲ့ ပါသွားတာ အင်အား ၁၀၀ ကျော်လောက် ရှိမယ်။ ဒါပေမဲ့ နောက်ပိုင်း ဖုန်ကြားရှင်းဖက်ကပြန်ခေါ်တော့ အားလုံးနီးပါး ပြန်လာတယ်။ ၁၀ ယောက်ကျော်ဘဲ ကျန်တယ်”ဟု ယင်းအရာရှိက ပြောသည်။

ထိုအာဏာဖီဆန်မှုမျိုး လွန်ခဲ့သော နှစ်များ၌ ရှိခဲ့ဖူးသော်လည်း ယခု ဖီဆန်ကွဲပြဲမူအပေါ်သည် ဗမာစစ်တပ်ဘက်က ကိုးကန့်၏ ဟာကွက်ကို ပိုင်ပိုင်နိုင်နိုင် အမြတ်ထုတ်လိုပုံ ရသည်ဟု ပြောဆိုကြသည်။

သြဂုတ် ၂၁ ရက် လောက်ကိုင်ဒေသခံ ဗမာစစ်တပ်က လောက်ကိုင်အရှေ့ဘက်တွင်ရှိသည့် ဖုန်ကြားရှင်း၏ လက်နက်ပြင် စက်ရုံကို သွားရောက် ရှာဖွေသိမ်းဆည်းခဲ့ပြီး နောက်တစ်ရက် ဖုန်ကြားရှင်း၊ ဖုန်ကြားဖူးနှင့် ဥက္ကဌ၏သား နှစ်ဦးတို့အား လားရှိုးရဲစခန်းက ဖမ်းဝရန်းထုတ်၍ ဆင့်ခေါ်လိုက်သည်။ သို့သော် ၎င်းတို့လေးဦးလည်း သွားရောက်ခြင်းမရှိသဖြင့်  ၂၃ ရက်နေ့၌ ဖုန်ကြားရှင်းနေအိမ်ကို ၀ိုင်းရံခဲ့သည်။

ယခုနောက်ဆုံးသတင်းအရ ကိုးကန့်တပ်ဖွဲ့များသည် လောက်ကိုင်အရှေ့မြောက်ဘက်ရှိ ၎င်းတို့၏ဗဟိုဌာနချုပ်ရုံးသို့ ယမန်နေ့ညကတည်းက ဆုတ်ခွာသွားခဲ့သည် ဟုသိရသည်။

“မနေ့ညတုန်းကလည်း ပစ်ကြတော့မလို့ဘဲ၊ တရုတ်အာဏာပိုင်တွေ ဖျောင်းဖျတားမြစ်တော့ ကိုးကန့်ဘက်က ညတွင်းချင်း အဆင့် ၂ ဆင့်ဆုတ်ခွာနေရာယူလိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ ဖုန်ကြားရှင်းက ၎င်း၏ တပ်မှူးများအား ဗမာတပ်များ ဌာနချုပ်ရုံးအနီးထပ်မံကျူးကျော်လာ ပါက ချက်ချင်းပစ်ခတ်နိုင်ကြောင်း အမိန့်ချဆင့်ဆိုလိုက်သည် ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပက်သက်၍ စစ်ရေးလေ့လာသူများက နအဖစစ်အာဏာပိုင်များသည် အပစ်ရပ်အုပ်စုအချင်းအချင်း အထင်အမြင်လွဲကွဲပြဲစေရန် ကြားထဲမှ အဆက်မပြတ်သွေးဆောင်ထိုးဆွ၍ အခွင့်ကောင်းယူ အမြတ်ထုတ်သောနည်းဖြင့် ပစ်ခတ်မှုမရှိဘဲ စီးနင်းသိမ်းပိုက်မည်ဟု သုံးသပ်ကြသည်။

“အခုလဲ ၂၀၀၀ခုနှစ်တုန်းက မိန်းကိုး မှာဖြစ်ခဲ့တဲ့ကိစ္စမျိုးထပ်ဖြစ်အုံးမယ်ထင်တယ်” ဟု တရုပ်စီးပွားရေးသမားတစ်ဦးက လည်း ပြောဆိုသည်။

ကိုးကန့်၏မဟာမိတ် ၀တပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များအဖို့ ကိုးကန့်ဘက်မှဖိတ်ခေါ်မူမရှိမချင်း၊ သို့မဟုတ် နအဖတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိမချင်း၊ ၎င်းတို့အနေနှင့်ဝင်စွက်ဖက်မည်မဟုတ်ဟု အမည်မဖော်လိုသည့် ၀အရာရှိတစ်ဦးထံမှ သိရသည်။

“အခုအချိန် သူတို့ကိုကူညီနိုင်တာက သူတို့အချင်းချင်း ငြိမ်းချမ်းစွာပြန်လည်သင့်မြတ်အောင် ဖြန်ဖြေပေးရေးဘဲဖြစ်မယ် ထင်တယ်” ဟု သူကဆိုသည်။

စက်ရပ်သတင်းရေးပြီးချိန် ၂၁းဝဝနာရီ (ထိုင်းစံတော်ချိန်)