ကိုးကန့်ဒေသသို့ နအဖ တပ် အင်အားထပ်ဖြည့် စားသောက်ကုန် တင်ပို့မှုပိတ်ပင်

ကိုးကန့်ဒေသသို့ နအဖ တပ် အင်အားထပ်ဖြည့် စားသောက်ကုန် တင်ပို့မှုပိတ်ပင်
ကိုးကန့်နှင့် နအဖတပ် ပစ်ခတ်လုနီးနီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နှစ်ဘက်ဆက်ဆံရေး အခြေအနေ ပိုမို တင်းမာလာကာ ကိုးကန့် နယ်မြေအတွင်း စစ်အစိုးရတပ် များ ထပ်မံ အင်အားတိုးချဲ့ ဖြည့်တင်းနေသည် သာမက ကွန်လုံဘက်မှ ...

ကိုးကန့်နှင့် နအဖတပ် ပစ်ခတ်လုနီးနီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နှစ်ဘက်ဆက်ဆံရေး အခြေအနေ ပိုမို တင်းမာလာကာ ကိုးကန့် နယ်မြေအတွင်း စစ်အစိုးရတပ် များ ထပ်မံ အင်အားတိုးချဲ့ ဖြည့်တင်းနေသည် သာမက ကွန်လုံဘက်မှ တင်ပို့သော စားသောက်ကုန်များလည်း နအဖ အာဏာပိုင်တို့ ပိတ်ပင်လိုက်ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“ဗမာဘက်က တပ်အင်အား ၁၅ဝ ကျော် ၂ဝဝ လောက်ထပ်ဖြည့်ထားတယ် (သြဂတ်စ် ၂၃ ရက်) မနေ့တုန်းက ကွန်လုံ - ချင်းရွှေဟော်ဘက်ကနေ လောဝ်ကိုင်း ဘက်ထပ်တက်သွားတယ်၊ အင်အားသုံးပြီး ဥက္ကဌကြီးဖုန်ကျားရှင်းကို အရဖမ်းမယ် လို့လူထုကြားသတင်းထွက်နေတယ်။ လားရှိုးဘက်ကလာတဲ့ စားသောက်ကုန်/ဆန်ဆီစားတွေလဲ ဗမာတပ်ဘက်က ကိုးကန့်နယ်မြေထဲပေးမဝင်တော့ဘူး ” ဟု ချင်းရွှေဟော်ဒေခံတဦးကပြောပါသည်။

ယခုလ ၈ ရက်နေ့က UWSA  ကိုးကန့်ဥက္ကဌ ဦးဖုန်ကြားရှင်းနေအိမ်အား စစ်အစိုးရတပ်အင်အား ၁ဝဝ ကျော် ဝိုင်းရံ ထားစဉ် ၎င်းင်းတို့၏ အပြင်စည်းမှ ကိုးကန့်တပ်ဖွဲ့ ထပ်မံဝိုင်းရံထားကြောင်း၊ တရုပ်အာဏာပိုင်များ ကြားဝင်ပေး၍သာ ပစ်ခတ်မှု မဖြစ်ပွားဘဲ ခေတ္တပြေလည်သွားကြောင်း - အမည်မဖေါ်လိုသည့် ကိုးကန့် အရာရှိတဦးက ဤကဲ့သို့ပြောပြ ပါသည်။

“အဲဒီအချိန်တုန်းက ဥက္ကဌကြီးရဲ့အိမ် ခြံဝင်းထဲမှာသူ့လုံခြံုရေးတပ်ဖွဲ့ဝင် ၆ဝ လောက်ရှိတယ်၊ လာဝိုင်းတဲ့ ကနေ ဗမာတပ်ကို ထပ်ဝိုင်းတဲ့ ကျနော်တို့တပ်ဖွဲ့က အင်အားရာချီတယ်၊ အဲဒီအခြေအနေကြောင့် ပြည်သူသောင်းချီ တရုပ်ပြည်ထဲ ထွက်ပြေး ကြတယ်။ နယ်စပ်ကတရုပ်အာဏာပိုင်တွေကြားဝင်ပေးလို့ ပစ်ခတ်မှုမဖြစ်ခဲ့ဘူး”

လောဝ်ကိုင်းရှိ စစ်ရေးအကဲခတ်တဦးက - ကိုးကန့်တပ်ဖွဲ့တွင် လက်နက်ကိုင်တိုက်ခိုက်ရေး အင်အား ရဝဝ ကျော်ရှိကြောင်း၊ ကိုးကန့်နယ်မြေအတွင်းနေရာအသီးသီး၌ အခြေစိုက်သည့်စစ်အစိုးရတပ် ဒကစ တခု၊ တပ်ရင်း ရ ရင်း တိုက်ခိုက်ရေးအင် အား ၉ဝဝ ခန့်ရှိကြောင်း၊ ကိုးကန့်တပ်ဖွဲ့အပေါ် အင်အားသုံးခြေမှုန်းသိမ်းပိုက်မည်ဆိုလျှင် အင်အား ၃ - ၄ ထောင် သုံးရ မည်ဖြစ်ကြောင်း - ပြောပါသည်။

“ကိုးကန့်နယ်မှာ ဘယ်နေရာဘဲ သေနတ်သံထွက်ထွက်၊ ကျုပ်တို့ကလဲ လက်ပိုက်ကြည့်မနေပါဘူး၊ စစ်အစိုးရကို မလွဲမသွေ တန်ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်” ဟု နမ့်တစ် အခြေစိုက် UWSA  ဝ တပ်မှူးတဦးက သြဂတ်စ် ၁၁ ရက် ၌ ကွန်လုံ အ ခြေစိုက် နအဖ ဗျူဟာမှူးထံ သတိပေးလိုက်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

စီးပွားရေးကဏ္ဍအားလုံးနီးပါး ဦးဖုန်ကြားရှင်း မှ ၎င်း၏သားထံ လွဲအပ်ပေးလိုက်သည့်အတွက် ဒု ဥက္ကဌ နှင့် အခြားပုဂ္ဂိုလ် သုံးလေးယောက်က မကျေနပ်ကြကြောင်း၊ ဤအချက်ကို စစ်အစိုးရအခွင့်ကောင်းယူ၍ ကိုးကန့် တပ်ဖွဲ့ပြိုကွဲစေရန် နည်းလမ်း ပေါင်းစုံ သပ်လျှိုဖြိုခွဲ သွေးထိုးနေခဲ့ကြောင်း သိရှိရပါသည်။

Most read this week