မူဆယ်တွင် လူငယ်များအား အရံမီးသတ် အမည်ခံပြီး စစ်သင်တန်းတက်ခိုင်း

မူဆယ်တွင် လူငယ်များအား အရံမီးသတ် အမည်ခံပြီး စစ်သင်တန်းတက်ခိုင်း
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ အထွက် စက်မှုဇုံရပ်ကွက်အနီးရှိ ဘော်လုံးကွင်းအတွင်း၌ မူဆယ်ဒေသခံ လူငယ် (၁၀၀) ကျော်ခန့်အား စစ်သင်တန်းပေးလျှက်ရှိကြောင်း သိရ ...

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ အထွက် စက်မှုဇုံရပ်ကွက်အနီးရှိ ဘော်လုံးကွင်းအတွင်း၌ မူဆယ်ဒေသခံ လူငယ် (၁၀၀) ကျော်ခန့်အား စစ်သင်တန်းပေးလျှက်ရှိကြောင်း သိရသည်။

ယခုလ( ၁၁) ရက်နေ့မှ စတင်၍ အဆိုပါစစ်သင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလ(၁) လ ကြာမည်ဖြစ်သည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မူဆယ် ရဲတပ်ဖွဲ့ ဒုမြို့နယ်မှူးကိုယ်တိုင် မြို့ပေါ်ရပ်ကွက်များရှိ်   လူငယ်များကို အရံမီးသတ်  ထဲဝင်ရန် စာရင်းကောက်ခံခဲ့ပြီး အဆိုပါစာရင်းဝင် လူငယ်များအား ယခု စစ်သင်တန်းတက်ခိုင်း ခြင်းဖြစ်ကြောင်းမြို့ခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒု-မြို့နယ်မှူးကိုယ်တိုင်က အရံမီးသတ်ထဲဝင်ဖို့ တစ်ရပ်ကွက်ကို အနည်းဆုံး (၁၀) ယောက်ကနေ (၃၀) လောက်အထိ ခေါ်ခဲ့တာ အဲဒီအရံမီးသတ်စာရင်းဝင်တွေကို စစ်သင်တန်းတက်ခိုင်းလိုက်တာပဲ သွားမတက်လို့ မရဘူး သူတို့က မိသားစုတွေကို ဖိအားပေးလာမှာစိုးတော့ သွားတက်ရတာပေါ့ ” လို့ သူကပြောသည်။

သင်တန်းတက်စဉ်အတွင်း သင်တန်းသားတစ်ဦးလျှင် တစ်ရက်ကျပ် (၅၀၀) နှုန်း ထောက်ပံ့ပေးကြောင်း သူကဆိုသည်။

နောက်ထပ်ဒေသခံတစ်ဦးကတော့ အခုလိုပြောသည် “ ရွာတွေရောပဲ တစ်ရွာကို (၂) ယောက် (၃) ယောက် ခေါ်ထားတယ်  စိုစိုပြေပြေ လောပန်း စိုင်းအိုက်အေး လုပ်ထားတဲ့ ဘော်လုံးကွင်းထဲမှာ စစ်သင်တန်းပေးနေတယ် အရင်က ဟိုနားရပ်ကွက်ထဲမှာပါတယ် အခုစက်မှုဇုံ ရပ်ကွက်လုပ်ထားတဲ့ နေရာမှာပေါ့ ”လို့ သူကပြောသည်။

၂၀၀၈ ခုနှစ်လောက်မှစတင်၍ သျှမ်းပြည် (မြောက်ပိုင်း) နယ်မြေများအတွင်းရှိ ကျေးရွာများတွင် စစ်တပ်အမာခံလူအဖြစ်မွေးရန် ဒေသခံကျေးရွာသားများအား သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ (ခေါ်) သကဆဖနှင့်ပြည်သူ့စစ် အဖွဲ့ဝင်များအဖြစ် စုဆောင်းကာ အဆက်မပြတ် စစ်သင်တန်းများပေးလာခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပြီး သကဆဖနှင့်ပြည်သူ့စစ်အဖွဲ့ဝင်များသည်  စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးခြင်း များ နယ်မြေစိုးမိုးရေးစစ်ကြောင်းများတွင် စစ်ကြောင်း အင်အားဖြည့်လိုက်ပါခြင်းများ အုပ်ချုပ်ရေး တာဝန်များတွင်အကူ အညီပေးခြင်းများတို့ကို ဆောင်ရွက်ကြရသည်။

ယခုလို ဒေသခံများအား အရံမီးသတ်ဟု အမည်ခံကာ စစ်သင်တန်းပေးနေခြင်းမှာလည်း လိုအပ်လျှင် လက်နက် တပ်ဆင်ပေးပြီး အိမ်ကြက်ခြင်း အိုးမဲသုတ်ခွပ်ခိုင်းရန် စီမံခြင်းဖြစ်ကြောင်း လေ့လာသူ များက သုံးသပ်သည်။