မတည်ငြိမ်သော နိုင်ငံရေး စစ်ရေး အခြေအနေကြောင့် တာချီလိတ်မြို့ မြေစျေးတက်

မတည်ငြိမ်သော နိုင်ငံရေး စစ်ရေး အခြေအနေကြောင့် တာချီလိတ်မြို့ မြေစျေးတက်
ထိုင်းနယ်စပ်တလျှောက်အခြေချသည့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် စစ်အစိုးရ ဖိအားပေးမှုကြောင့် ကျေးလက် ရွာသားတို့ တာချီလိတ်မြို့ပေါ်ပြောင်းရွေ့နေထိုင်သောကြောင့် အိမ်ယာမြေစျေးကွက် မြင့်တက်ခဲ့ရသည်ဟု ထိုင်းနယ်စပ် သတင်းရပ်ကွက်က ဆို ...

ထိုင်းနယ်စပ်တလျှောက်အခြေချသည့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် စစ်အစိုးရ ဖိအားပေးမှုကြောင့် ကျေးလက် ရွာသားတို့ တာချီလိတ်မြို့ပေါ်ပြောင်းရွေ့နေထိုင်သောကြောင့် အိမ်ယာမြေစျေးကွက် မြင့်တက်ခဲ့ရသည်ဟု ထိုင်းနယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

“ပြီးခဲ့တဲ့ ၄-၅ လ ကနေ အခုအထိ တာချီလိတ်ကို ပြောင်းနေတဲ့ အိမ်ခြေ ၁၀၀ ကျော်မကတော့ဘူး။ များသောအားဖြင့် မိုင်းဖုန်းကလာတယ်၊ ဒုတိယက မိုင်းတုန်မြို့နယ် နားကောင်းမူး၊ ပုံပါကျင်ဘက်က လာတယ်။ မိုင်းဆတ် မိုင်းတုံး(မ်း) ဘက်ကလဲ အနည်းကျဉ်းပါတယ် ” - ဟု တာချီလိတ်မြို့ အိမ် ခြံ မြေ အကျိုးဆောင် တဦးက ပြောပါသည်။

၂၀၀၉  အစောပိုင်းက ပေ ၄၀x၆၀ မြေကွက် တကွက်လျှင် ထိုင်းဘတ်ငွေ ၈ သိန်းရှိရာမှ ယနေ့အထိ မြေယာစျေးကွက် တရိပ်ရိပ်တက်လာနေသည်ဟုဆို၏။ နေရာကောင်း (လမ်းမနှင့်နီး)လျှင် ဘတ် ၂ သန်းအထိ လည်းကောင်း၊ ချောင်ကျ/ မြေကွက်မညီ/ရေဝပ်သောနေရာ၌ ဘတ် ၁ သန်းအထိ လည်းကောင်း၊  အုတ်နီခဲတတောင့်လျှင် ထိုင်းဘတ်ငွေ ပြား ရ၀ မှ ၁.၅ ဘတ်အထိဖြစ်ကြောင်း၊ နယ်ခြားစောင့် စစ်အစိုးရ အာဏာပိုင်များက မယ်ဆိုင်ဘက်ခြမ်းမှ ၀ယ်ယူတင်သွင်းခွင့် မပြု ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

“ဖေဖေါ်ဝါရီလကစပြီး မဲခေါင်မြစ်အနောက်ဘက်ကမ်းတလျှောက် စစ်အစိုးရတပ်တွေ နော်ခမ်းအဖွဲ့ကို လိုက်လံရှင်းလင်း တဲ့အတွက် စစ်ကြောင်းတွေရဲ့ နှိပ်စက်မှုဒဏ်ကို ဒေသခံတွေ အရမ်းခံရတယ်။ နောက် တခုက တောင်ပိုင်း ၀ တပ်ဖွဲ့ကို စစ်အစိုးရက အသွင်ပြောင်းဖို့ အမျိုးမျိုးဖိအားပေးတယ်၊ တချို့ဆိုရင် စစ်ကြောင်းသွားလာ နေရာယူ အင်အားဖြည့်တင်းတဲ့ အခြေအနေကို ကြည့်ပြီး တရက်နှစ်ရက်အတွင်း စစ်ဖြစ်တော့မလို ဖြစ်နေတော့ မိမိလုံခြံုရေးအတွက် တာချီလိတ်ကို ပြောင်းရွေ့ကြတယ်။ တချို့လည်းပြောင်းဖို့အတွက် မြေကွက်လာဝယ်ထားတယ်”အမည်မဖေါ်လိုသည့် ဒေသခံတဦးက လည်းပြောပြပါသည်။

ဖေဖေါ်ဝါရီ လလယ်ပိုင်းတွင် တရုတ်လှေ တစီးပစ်ခတ်ခံရမှုကြောင့် ရွှေတြိဂံအခြေစိုက် နော်ခမ်းတပ်ဖွဲ့ (ခွန်ဆာ၏ MTA လက်နက်ချအဖွဲ့၊ အင်အား ၁၀၀ ၀န်းကျင်ရှိစစ်စိုးရခွင့်ပြုထားသည့် ပြည်သူ့စစ် အဖွဲ့) အားချေမှုန်းပစ်ရန်တရုတ်အစိုးရ ဖိအားပေးမှုကြောင့် မြန်မာစစ်အစိုးရတပ်က လိုက်လံရှင်းလင်း ခြင်း၊ နားဂစ်အဖွဲ့စည်းပုံအရလက်နက်ကိုင်အပစ်ရပ် အဖွဲ့များ ကာကွယ်ရေးဝန်ကြီး လက်အောက် ခံတပ်/ နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအသွင်ပြောင်း ရန် ဖိအားပေးမှုအား ၀ တပ်ဖွဲ့က ခေါင်းခါငြင်းဆန်ပြီး စစ်အစိုးရနှင့် အပြိုင် အင်အားတိုးချဲ့လက်နက်တပ်ဆင်ခြင်းကြောင့် ကျေးလက်ရွာသားများ လုံခြံုစိတ်ချရသော ဒေသ သို့ ပြောင်းရွေ့နေထိုင်ရခြင်းဖြစ်ကြောင်း ဆိုပါသည်။