ကျေးလက်တောရွာ မီးရှို့ ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန်

ကျေးလက်တောရွာ မီးရှို့ ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန်
စစ်အစိုးရတပ်များ သျှမ်းပြည်အလယ်ပိုင်းကျေးရွာ ၁၀ ကျော် (အိမ်ခြေ ၃၀၀ ကျော်) မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း ဒေသခံ တောင်သူအမျိုးသမီးတဦးအား အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်ကဆို ...

စစ်အစိုးရတပ်များ သျှမ်းပြည်အလယ်ပိုင်းကျေးရွာ ၁၀ ကျော် (အိမ်ခြေ ၃၀၀ ကျော်) မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း ဒေသခံ တောင်သူအမျိုးသမီးတဦးအား အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။

သြဂတ်စ် ၂ ရက်နေ့က မိုင်းကိုင်မြ့နယ် ဟမ်းငိုင်းအခြေစိုက် ခမယ ၅၁၄ မှ ဒုဗိုလ်မြင့်သန်း ဦးဆောင်သည့် အင်အား ၂၅ ယောက်နှင့်အတူ လမ်းပြအဖြစ် SSA ခွဲထွက် ဗိုလ်မိုင်းဇင့် (လက်နက်ချ) အဖွဲ့မှ စိုင်းရွေးဦးဆောင်သည့် အင်အား ၁၄ ယောက် (စုစုပေါင်း အင်အား ၃၉  ယောက်) တို့ လဲချားမြို့ အရှေ့မြောက်ဘက် တတ်မောက် ကျေးရွာအုပ်စု နောင်ပုတ် ရွာ၌ ၀င်ရောက်တည်းခိုစဉ် တပ်ကြပ်ကြီးတင်အေးနှင့် တပည့် ၄ ယောက် ရွာမှ မိုင်ဝက်ခန့်ဝေးသည့် ယာခင်းဘက် ဟင်းသီး ဟင်းရွက်ရှာထွက်ရာ ယာခင်းပေါင်းမြက်ရှင်းနေသည့် စိုင်းသြဒ (နာမည်အရင်းမဟုတ်) အသက် ၂၃ နှစ်၊ ဇနီး နန်းနွံ (နာမည် အရင်းမဟုတ်) အသက် ၂၀ တို့နှစ်ဦးနှင့်တွေ့ဆုံ၍ လင်ဖြစ်သူ စိုင်းသြဒအား သျှမ်းသူပုန်ဟုစွပ်စွဲပြီး ကြိးနှင့်တုပ်ကာ ဇနီးသည်အား ၎င်း၏ ရှေ့မှောက်တွင် အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့သည်ဟုဆို၏။

အကြောင်းစုံသိသည့် အမည်မဖေါ်လိုသူ ပင်လုံရောက်လူငယ်တဦးက -“ကျနော်တို့ဘက်က ရွာတွေကို အခုလ ၅ ရက် နေ့နောက်ဆုံးထားပြီး မြို့ဘက်ပြောင်းရွှေ့ခိုင်းတယ်။ အထက် အမိန့်လား၊ ရွာသူ/သားတွေကို သက်သက် အာဏာပြ အနိုင်ကျင့်တာလားတော့မသိဘူး။ ရွာမပြောင်းရင် မီးရှို့ပစ်မယ်၊ ဘာညာ ခြိမ်းခြောက်တယ်၊ ရွာသားတွေ ကြောက်ရွံ့စိုးရိမ် သောကရောက်နေချိန်မှာ ကျနော့် သူငယ်ချင်းရဲ့ဇနီးကို စစ်သားတွေ မုဒိမ်းထပ်ကျင့်တာဘဲ” - ဟု သျှမ်းသံတော်ဆင့်အား ပြောပြ၏။

စိုင်းသြဒအား သျှမ်းသူပုန်ဟုဆိုကာ ယာတဲတိုင်၌ ကြိုးတုပ်ပြီး မေ့မျောလုနီးပါး ရိုက်နှက်ပြီးဇနီးဖြစ်သူ နန်းနွံ ကိုလည်း  လင်ဖြစ်သူ၏ ရှေ့မှောက်ပင် ညနေ ၅ နာရီမှ မိုးချုပ်သည်အထိ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း ပြောပါသည်။

“တချို့ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာလဲတွေ့နေတော့ ကြောက်နေကြတယ်၊ အဲဒီအတောအတွင်းမှာဘဲ ရွာတွေကို မြို့အနီးအနားပြောင်းဖို့ အမိန့်ထုတ်ထားတာရှိတော့ မုဒိမ်းကျင့်တဲ့ကိစ္စ အထက်ကိုသွားတိုင်တန်းဖို့ မရဲကြဘူးလေ၊ ရွာသူကြီးကိုလဲ သျှမ်းသူပုန်တွေကို ထောက်ပံ့တယ်လို့ ဗမာ စစ်တပ်ကစွပ်စွဲ ကြိမ်းမောင်းထားတော့ တရားဥပဒေနဲ့ ပြစ်ဒဏ် စီရင်ဖို့ ဘယ်မှာရှိတော့မတုန်း” - ဟု ဆို၏။

တတ်မောက် ကျေးရွာအုပ်စုသည် လဲချား - မိုင်းကိုင် (တောင်ကြီး - လွိုင်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - လားရှိုး) ကားလမ်း၏ အရှေ့ဘက်ခြမ်း၊ လဲချားမြို့ အရှေ့မြောက်ဘက် တွင်ရှိသည်။ တတ်မောက်ရွာနှင့်ထိုဒေသတဝိုက် ကျေးရွာ များကို သျှမ်းသူပုန်နှင့် ဆက်သွယ် သတင်းပေးပို့သည်ဟု ဆိုကာ အစိုးရစစ်တပ်က ကျေးရွာ ၁၀ ကျော်အား ဂျူလိုင်လ ၂၇ မှ ၃၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့သည်။