တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ ဌာနချုပ်သို့ လူသူလက်နက် စာရင်းသွားကောက်

တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ ဌာနချုပ်သို့ လူသူလက်နက် စာရင်းသွားကောက်
ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး နှင့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့သွားပြီး လူသူလက်နက် အင်အား စာရင်းအားလုံးပေးအပ်ရန် ပြောကြားခဲ့သည်ဟု တရုပ်နယ်စပ် သတင်းရပ်ကွက်ကဆို ...

 
ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး နှင့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့သွားပြီး လူသူလက်နက် အင်အား စာရင်းအားလုံးပေးအပ်ရန် ပြောကြားခဲ့သည်ဟု တရုပ်နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။
 
“ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နဲ့ ဂျီဝမ်း ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်းတို့ အဖွဲ့လာတယ်။ မိုင်းလားအဖွဲ့ရဲ့ လူ/လက်နက် စာရင်းလာကောက်တယ်ပြောတယ်”- ဟု အမည်မဖေါ်လိုသည့် မြောက်ပိုင်း ၀ ဒေသ ကုန်သည် တဦးဆို၏။
 
NDAA - ESS ခေါ် (မိုင်းလား) အထူးဒေသ 4 တပ်မတော်၂၁/၀၇/၂၀၀၉ ရက်နေ့ ဒုတိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့်အဖွဲ့က မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းများအားလုံး နီးပါးနှင့် တွေ့ ဆုံကြောင်း၊ လူသူလက်နက်အင်အား၊ ရာထူးမှ အနားယူမည့် အသက် ၅၀ ကျော် အရာရှိကြီးများ စာရင်းအားလုံးပေးအပ် ရန် တောင်းဆိုရာမိုင်းလားအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များက ပြည်သူလူထုနှင့် အောက်ခြေအဆင့် အရာရှိများ/ခေါင်းဆောင်ပိုင်း များ၏ဆန္ဒအရ စာရင်းများပေးအပ်ဖို့ မဖြစ်နိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟုဆိုသည်။
 
“စာရင်းပေးအပ်ဖို့မဖြစ်နိုင်သေးဘူးလို့ ခေါင်းခါငြင်းဆန်လိုက်ပေမဲ့ သူတို့လူအားလုံးအတွက် လက်ဆောင်တွေတော့ စီစဉ် ပေးလိုက်တယ်။ အဲဒီ့နေ့ ညနေပိုင်းမှာဘဲ သူတို့ကျိုင်းတုံကို ပြန်သွားတယ်”- ဟု အဆိုပါကုန်သည် က ပြောပါသည်။
 
ကျိုင်းတုံဒေသခံတဦးက-“မကြာသေးခင်က တြိဂံတိုင်းရုံးမှာ အစည်းအဝေးလုပ်သွားတယ်။ သူတို့ဆုံးဖြတ်ချက်က မိုင်းလား အကြီးအကဲတွေရဲ့ အိမ်နေရာ၊ ဌာနချုပ်နေရာ၊ လက်နက်ခဲယမ်း မီးကျောက် သိုလှောင်ရုံ   အခြေစိုက်အခြေချ လှုပ်ရှားတပ် တွေရဲ့ တပ်စခန်းအားလုံးရဲ့ တည်နေရာ မြေပုံအတိအကျလုပ်ထားဖို့တာဝန်ရှိသူတွေကိုမှာကြားခဲ့သေး တယ်”- ဟု ဆို၏။
 
နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန်၊ အထင်အမြင်လွဲမှုများမရှိစေရန်စစ်အစိုးရတပ်ပြေးများအားစစ်ဆေးရန်အတွက် ဟုဆိုကာ နယ်ခြားဂိတ် အဝင်အထွက်အားလုံး၌ လူဝင်လူထွက် ဧည့်စာရင်းများ၊ ထောက်ခံစာများ၊ မှတ်ပုံတင်များ အထူးကြပ်မတ် စစ်ဆေးသည်ဟုလည်း ဆိုသည်။ စာရွက်စာတမ်း ထောက်ခံချက် အပြည့်အဝ မရှိပါကအခက်အခဲများ ကြံုတွေ့ရကြောင်း ခရီးသွားတဦးက လည်းဆိုသည်။
 
NDD ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသည့် (၂၅၊ ၀၇၊ ၀၉ စာစောင်ပါ ) အပါတ်စဉ် ပြည်တွင်းသတင်းသုံးသပ်ချက်အရ မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်လက်ခံရန် ခေါင်းခါငြင်းဆန်ခဲ့သည် ဟုဆိုသည်။
 
မိုင်းလားအဖွဲ့သည်လည်း လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်း၌ စစ်အစိုးရထံတရား အကြောင်းပြန်ခဲ့သည့်အဖွဲ့ ဖြစ်သည်။