မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ်တောင်ကြောရှိ အဓိက ၀ တပ်စခန်းတခု နှင့် မျက်နှာချင်းဆိုင် တပ်ရုပ် ထား သော နအဖ ချက်ပွိုင့် တပ်စခန်း၌ ယခုလဆန်းပိုင်းက ပြန်လည်နေရာယူ အင်အားဖြည့်တင်းလာကြောင်း ဒေသခံ များ ကပြောပါသည်။
ဂျွန်လဆန်းပိုင်းက တပ်ရုပ်ထားသော မိုင်းဆတ် - တာချီလိတ် အကြား ကားလမ်းပေါ် ရှိလွယ်ဆမ်ဆုမ် တောင်ကြော ၀ တပ်စခန်း အနီး စစ်အစိုးရ၏ စစ်ဆေးရေး (လမ်းကင်း) စခန်းကို ဂျူလိုင် ၉ ရက် စ၍ ပြန်လည်နေရာယူလာကြောင်း အမည် မဖေါ်လိုသည့် ဒေသခံတဦးက အခုလိုပြောပြပါသည်။
“အရင်တုန်းက အဲဒီစခန်းမှာ ဗမာစစ်သား ၁၀-၁၅ ယောက် နေတယ်၊ မေလနှောင်းပိုင်းက တာချီလိတ်က လာတဲ့ ၀ ကား တွေ စစ်ဆေးဖို့ ဟန့်တားရာက အချင်းချင်းစကားများပြီး ပစ်ခတ်လုနီးနီးဖြစ်ခဲ့တယ်။ အဲဒီ့နောက်ပိုင်း စခန်းဖျက် တပ်ရုပ်ပြန် သွားတာဘဲ။ အခုမိုင်းတူး(မ်း) က ခမရ ၅၅၃ နဲ့ ၅၅၄ ဘဲ ပြန်လာထိုင်တယ်။ တဲတွေအစား အုတ်တွေ သွပ်တွေနဲ့အသစ် ပြန်ဆောက်ထားတယ်။ လူအင်အားလဲ အရင်ကထက် ပိုများလာတဲ့ ပုံဘဲ”
သျှမ်းပြည်အရေးလေ့လာသူ အချို့က လွန်ခဲ့သည့် ၄-၅ လမှစ၍ အခုအချိန်မှာ သံလွင်အရှေ့ခြမ်းအခြေစိုက် တပ်ရင်း အားလုံး၏ တပ်ရင်းမှူးများ သင်တန်းသွားနေကြကြောင်း၊ ယခုနှစ်ကုန်ပိုင်းအထိ တောင်ပိုင်း ၀ တပ်ဖွဲ့မှ ပန်ဆန်းဌာနချုပ် ဆုံးဖြတ် ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟုပြောသော်လည်း စစ်အစိုးရနှင့် တိုက်ပွဲဖြစ်ပွားမည့်အလားအလာ မရှိသေး ကြောင်း ဆိုသည်။
သို့သော် တပ်မှူးများသင်တန်းသွားခြင်း၊ တပ်ဟောင်းများ နေရာပြန်ယူလာခြင်းတို့သည် - (၁) အပစ်ရပ် နှင့် အပစ်မရပ် အ ဖွဲ့ များအားချုပ်ကိုင်ရန်၊ (၂) မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက် မီးသွေးအား ထိုင်းကုမ္ပဏီ စတင်အကောင်အထည်ဖေါ်လျှင် စစ်ရေးမဟာဗျူဟာအရ ထိုင်းနယ်စပ် ယောင်ခါ-မယ်ကျုတ် (သျှမ်းဘက်ခြမ်း) မှ မုံ့ကောဝ်လန်ရွာ (ထိုင်းဘက်ခြမ်း) ဟင်တက်-ပါဆန်း- ချင်းရိုင်းလမ်း ဖေါက်လုပ်ပြီးစီးပါက အရေးပါ လာမည်ဖြစ်သောကြောင့် ဟုဆို၏။
တောင်ပိုင်း ၀ တပ်ဖွဲ့၏ စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု (၁။ လွယ်ဆမ်ဆုမ်စခန်း၊ ၂။ ကျူဟူးလုံး ၃။ ဟွေ့ယောဝ်း) စခန်းအား မေလနောက်ဆုံးထား၍ ဆုတ်ခွာပေးရန် စစ်အစိုးရဖက်က သတိပေးခဲ့သော်လည်း အခုထိ ၀ တပ်များအခိုင်အမာတပ်စွဲထားဆဲဖြစ်သောကြောင့် နအဖ တပ်ကလည်း ပြန်လည်နေရာယူ အင်အားဖြည့်တင်းလာခြင်းဖြစ် ကြောင်းလဲ ကျွမ်းကျင်သူများက သုံးသပ်ပါသည်။
Published
Thursday, July 16, 2009 - 19:40
ယာယီတပ်ရုပ်ထားသည့် စခန်းဟောင်း နအဖ စစ်တပ် နေရာပြန်ယူ
မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ်တောင်ကြောရှိ အဓိက ၀ တပ်စခန်းတခု နှင့် မျက်နှာချင်းဆိုင် တပ်ရုပ် ထား သော နအဖ ချက်ပွိုင့် တပ်စခန်း၌ ယခုလဆန်းပိုင်းက ပြန်လည်နေရာယူ အင်အားဖြည့်တင်းလာကြောင်း ဒေသခံ များ ကပြော ...