တာချီလိတ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ စစ်အစိုးရနှင့် ပတ်သက်ဆက်နွယ်

တာချီလိတ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ စစ်အစိုးရနှင့် ပတ်သက်ဆက်နွယ်
ကာလတန်ဖိုးစံချိန်တင်သည့် တာချီလိတ်၌ ဖမ်းမိသော မူးယစ်ဆေးဝါးပိုင်ရှင်သည် စစ်အစိုးရ၏ ပြည်သူ့စစ် အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်ကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။ ယခုလ ၁၀ ရက် မနက် ၁၁းဝဝ နာရီက သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နေ ...

ကာလတန်ဖိုးစံချိန်တင်သည့် တာချီလိတ်၌ ဖမ်းမိသော မူးယစ်ဆေးဝါးပိုင်ရှင်သည် စစ်အစိုးရ၏ ပြည်သူ့စစ် အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်ကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
 
ယခုလ ၁၀ ရက် မနက် ၁၁းဝဝ နာရီက သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နေ ဦးကုလားမြင့်ရွှေ၏သား မောင်းနှင်လာသည့် သံလုံဒိုင်နာကားပေါ်တွင် ရာဘအပြားပေါင်း ၁ သန်း၊ ဘိန်းဖြူထောင့် အလေးချိန် ၁,၀၀၀ ကီလိုဂရမ် နှင့် အိုက်စ်ဆေးပြား အစရှိသည့်မူးယစ်ဆေးများအား တာချီလိတ်မြို့ (နမ့်စန် မှ မိုးနဲ - လင်းခေး - မိုင်းပန် - မိုင်းတုံ - မိုင်းဆတ် - တာချီလိတ်) ပုံးထွန်ဂိတ်  ဖြတ်သန်းပြီး မြို့တွင်းဆန်ဆိုင်း ခ ရပ်ကွက်၌ ဖမ်းဆီးရမိသောကြောင့် ကားဆရာ နှင့် အဖွဲ့အား စစ်အစိုးရ အာဏာပိုင်က ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပစ္စည်းလက် ၀ယ်ဖမ်းဆီးမိမှုဖြင့် တာချီလိတ် ရဲစခန်း၌ ဖမ်းဆီး အရေးယူထားသော်လည်း ပစ္စည်းပိုင်ရှင်မှာ တိမ်းရှောင်လွတ်မြောက် နေသည်ဟု ဆိုပါသည်။
 
“ပိုင်ရှင်က မဖမ်းမိဘူး။ သူ့ပစ္စည်းဖမ်းမိပြီဆိုတဲ့သတင်းကြားရတာနဲ့ရှောင်သွားပြီ”- ဟု ပြည်တွင်းနေ သျှမ်းမူးယစ်ဆေး ၀ါးစောင့်ကြည့်လေရေးအဖွဲ့ အဖွဲ့ဝင်တဦးကပြောပါသည်။
 
မူးယစ်ဆေးဝါးပိုင်ရှင်သည် MTA အဖွဲ့ဟောင်း/လားရှိုးဇာတိ တရုပ်လူမျိုး ၄၆ နှစ်ရှိ ဦးအားဖှါဆိုသူ (မိုင်းတုံမြို့နယ် နားကောင်းမူး ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာနေသည်မှာ ၉-၁၀ နှစ်ရှိပြီး အဆိုပါဒေသ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်) ဖြစ်ကြောင်း၊ ၎င်းင်းသည်စစ်အစိုးရအရာရှိပိုင်းအပြင် ၀ ခေါင်းဆောင်ပိုင်းအချို့နှင့်လည်း လိမ္မာပါးနပ်စွာ ၀င်ထွက်ပေါင်း သင်း ဆက်ဆံတတ်ကြောင်း၊ မိခင်ဘာသာ တရုပ်/ကိုးကန့်စကားအပြင် ဗမာစကား နှင့် သျှမ်းစကားလည်းကျွမ်းကျင်စွာ ပြောဆို တတ်ကြောင်းသိရသည်။
 
“ပုံပါကျင်အခြေစိုက် ဗျူဟာမှူးတိုင်း သူနဲ့ရင်းနှီးတယ်။ လက်ရှိဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူနဲ့လဲ ရင်းရင်းနှီးနှီး ၀င်ထွက် နိုင်တယ်၊ ဧည့်ခံကျွေးမွေးတယ်၊ လက်ဆောင်ဘဏ္ဍာပေးကမ်းတယ်” - ဟု ၎င်းင်းနှင့်ရင်းနှီးသည့်အမည်မဖေါ်လိုသူတဦး က ပြောသည်။
 
ဦးအားဖှါ၏အမည်အရင်းမှာ ချိန်တာ့ဖှါ ဖြစ်ပြီး MTA လက်နက်ချအဖွဲ့ (သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အခြေစိုက်) နားယိုင်း ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဇျိုးဆန်း နှင့် ရဲဘော်ရဲဘက်ဖြစ်ကြောင်း ဆိုပါသည်။
 
“အခုပစ္စည်းက သူတို့နှစ်ယောက်ပေါင်းတာလဲဖြစ်နိုင်တယ်။ နားယိုင်းခေါင်းဆောင် ဇျိုးဆန်းက ထုတ်လုပ်ပြီး အားဖှါက ၀ယ်ယူရောင်းချတဲ့ပိုင်ရှင်လဲဖြစ်ဖို့များတယ်၊ တာချီလိတ်ရောက်တဲ့အထိ သယ်ဆောင်ခက ဘတ် ၂၇ သန်း လို့တောင် ပြောတယ်”- ဟု မူးယစ်ဆေးဝါးရောင်းဝယ်သည့် အသိုင်းအဝိုင်းတဦးက သျှမ်းသံတော် ဆင့်သို့ပြောပြပါသည်။
 
ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးများ စစ်ဆေးရန်အတွက် ကျိုင်းတုံရဲမှူးကြီး တာချီလိတ်သို့ ယနေ့ရောက် ရှိပြီး နေပြည် တော်မှ ရဲချုပ်ခင်ရီလည်း လာရောက်စစ်ဆေးမည်ဟု တာချီလိတ်ရဲစခန်းနှင့် နီးစပ်သည့်အသိုင်း အဝိုင်းက ဆိုသည်။