စိုက်သမျှဘိန်းခြံ လိုက်လံ ဖျက်ဆီးမည်ဟု စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီးပြော

စိုက်သမျှဘိန်းခြံ လိုက်လံ ဖျက်ဆီးမည်ဟု စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီးပြော
ကုလ  UNODC  ၏ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်ကြောင့် စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီးက နိုင်ငံတဝှမ်းလုံးရှိ စိုက်ပျိုးသမျှ ဘိန်းခင်းများ ဖျက်စီးရမည်ဟု ဂျွန် ၂၀၀၉ ၌ ပြောကြား လိုက် ကြောင်းမူးယစ် စောင့်ကြည့်လေ့လာ ...

ကုလ  UNODC  ၏ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်ကြောင့် စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီးက နိုင်ငံတဝှမ်းလုံးရှိ စိုက်ပျိုးသမျှ ဘိန်းခင်းများ ဖျက်စီးရမည်ဟု ဂျွန် ၂၀၀၉ ၌ ပြောကြား လိုက် ကြောင်းမူးယစ် စောင့်ကြည့်လေ့လာသည့် အသိုင်းအဝိုင်းက ဆိုသည်။
 
“ပြည်သူတွေ ဘိန်းမစိုက်အောင်၊ စိုက်ရင်လဲ ဘယ်လိုသတင်းအချက်ရယူမယ်၊ ဘယ်လိုဟန့်တား ဖျက်စီးမယ်” စသဖြင့် ပြည်ထဲရေးဝင်ကြီး ကပြောကြားကြောင်း သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေး အဖွဲ့က ဆိုသည်။
 
ကျေးလက်ဒေသ အကြီးအကဲ တဦးက - အထက်က အမြဲတမ်းယခုကဲ့သို့ မကြာခဏထုတ်ပြန် တတ်ကြောင်း၊ အောက်ခြေ က အခြေအနေမသိရှိ နားမလည်ဘဲ ပြောဆိုခြင်း၊ သိရက်နဲ့ မျက်စိမိတ် နားမိတ်ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း၊ သို့တည်းမဟုတ် မူးယစ်ဆေးဝါး/ဘိန်းစိုက်ပျိုးမှူအကြောင်း တစုံတရာ ပြောဆိုလျှင် နားစွန့်နေသည့် ပုဂ္ဂိုလ်တွေ အတွက် လှန်ကြုတ်ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
 
LNDO ခေါ် လားဟူအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့ ခေါင်းဆောင်ဦးဂျဖက်က -“အခုအခြေအနေမှာ ဘိန်း စိုက်ပျိုးမှု ပိုတောင်များလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိန်းစိုက်နယ်မြေတွေကို ဌာနေပြည်သူ့စစ် တွေ ရဲ့တာဝန်အဖြစ် ဒေသခံစစ်တပ်(အာဏာပိုင်)တွေက လွဲထားလိုက်လို့ပါဘဲ။ ပြည်သူ့စစ်အဖွဲ့လဲ သူတို့အဖွဲ့ အစည်းရပ်တည်နိုင်ရေးအတွက် ကျေးလက် လူထုတွေကို ဘိန်းစိုက်ခွင့်ပြုတာဘဲ။ ဒါ့ကြောင့် သူတို့ဘိန်းခွန် ကောက်ရင် စစ်အစိုးရတပ်အတွက် ဘယ်လောက်ပေးမယ်ဆိုတာ ထဲ့တွက်တယ်” - ဟု ဆို၏။
 
ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုထံမှ ထောက်ခံမဲရရန်အတွက် ၂၀၀၉ - ၂၀၁၀ ဘိန်းစိုက်ရာသီမှာပြည်သူတွေ ဘိန်းများ ပိုမိုစိုက်ပျိုးခွင့်ရနိုင်ကြောင်းလည်း ဦးဂျဖက်က သုံးသပ်ပါသည်။
 
၂၀၀၉ ခုနှစ် ကမ္ဘာ့ မူးယစ်တိုက်ဖျက်ရေးနေ့တွင် UNODC ထုတ်ပြန်ချက်က - မြန်မာနိုင်ငံ၏ ၂၀၀၇-၂၀၀၈ ဘိန်းစိုက် ရာသီတွင် ဘိန်းခင်းဧက ၆၈,၄၄၆ အနက် ၁၁,၉၄၈ ဧကသာဖျက်ဆီးခြင်း၊ ၂၀၀၈-၂၀၀၉ ဘိန်း စိုက် ရာသီတွင် ဘိန်းစိုက်ဧက ရ၀,၄၂၃ စိုက်ပျိုးပြီး ၉,၆၀၇ ဧကသာဖျက်ဆီးသောကြောင့် စစ်အစိုးရ၏ဘိန်းပပျောက်ရေးစီမံကိန်း မထိ ရောက်ကြောင်း ထောက်ပြသဖြင့် ယခုကဲ့သို့ပြောဆိုလာခြင်းသာဖြစ်ကြောင်း သျှမ်းမူးယစ်စောင့်ကြည့် လေ့လာသည့် အဖွဲ့က သုံးသပ်ပါသည်။