မိုင်းလားနှစ် ၂၀ ပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ တရုပ်ကောင်စစ်ဝန် တက်ရောက်

မိုင်းလားနှစ် ၂၀ ပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ တရုပ်ကောင်စစ်ဝန် တက်ရောက်
ဗကဗမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ အထူးဒေသ ၄ မိုင်းလားအဖွဲ့ NDAA – ESS (National Democratic alliance Army – Eastern Shan State  ခေါ် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - အရှေ့ပိုင်းသျှမ်းပြည်) ထူထောင် ခြင်း နှစ် ၂၀ ပြည့် ...

 
ဗကဗမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ အထူးဒေသ ၄ မိုင်းလားအဖွဲ့ NDAA – ESS (National Democratic alliance Army – Eastern Shan State  ခေါ် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - အရှေ့ပိုင်းသျှမ်းပြည်) ထူထောင် ခြင်း နှစ် ၂၀ ပြည့် အခမ်း အနားကို  မိုင်းလားဌာနချုပ်၌ ကျင်းပရာ အနယ်နယ် အရပ်ရပ်က ပရိတ်သတ်များ စည်ကားသိုက် မြိုက်စွာပါ၀င်ပူးပေါင်းခဲ့ကြကြောင်း တရုပ်နယ်စပ်သတင်းက ဆိုသည်။
 
“မန္တလေးမြို့မှာ ရုံးစိုက်တဲ့ တရုပ်ပြည်ကောင်စစ်ဝန် လဲလာတယ်၊ မိုင်းလားမှာ ရင်းနှီးမြုပ်နှံတဲ့ တရုပ်ပြည်က ကုမ္ပဏီ ၂၀ ကျော်အပြင် မူဆယ်၊ ပန်ဆိုင်း၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလွေ၊ မိုင်းယန်း၊ မိုင်းယောင်း အနယ်နယ် အရပ်ရပ် က ဧည့်သည်တွေတက်ရောက်လာကြတယ်” - ဟု ပွဲဧည့်ခံသူတဦးက ပြောပြသည်။
 
ဂျွန်လ ၂၆ - ၃၀ ရက်နေ့ အထိကျင်းပခဲ့သည့် အဆိုပါပွဲတော်သို့ အပစ်ရပ်ခေါင်းဆောင်များ SSA မြောက်ပိုင်းအပစ်ရပ် အဖွဲ့ ဒု - ဥက္ကဌ စဝ်ကိုင်ဖှာ့၊ MNDAA ကိုးကန့်အဖွဲ့ ဒု - ဥက္ကဌ ဖုန်ကြားဖူး၊ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဒု - ဥက္ကဌ ပေါက်ယိုယီးနှင့် ကချင် KIO ၊ ကရင်အပစ်ရပ် (သံတောင်အဖွဲ့)၊ ကယားပြည်မှ အပစ်ရပ်အဖွဲ့လည်း ပါ၀င် တက်ရောက်ကြောင်း ပြောပါသည်။
 
“ကျိုင်းတုံ စစ်တိုင်းရုံးက ဂျီဝမ်း (G.1) စစ်ဦးစီး ပထမတန်း ဗိုလ်မှူးသန်းထွဋ်သိန်း ၊ စရဖ (စစ်ဖက်ရေးရာ လုံခြံုရေးတပ်ဖွဲ့) ဗိုလ်မှူးရန်နောင်စိုး ဦးဆောင်တဲ့အဖွဲ့ဘဲ တက်ရောက်တယ်။ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတော့ မတွေ့ဘူး၊ လက်ဆောင်အဖြစ် ကရဝိတ် (ရန်ကုန် ကန်တော်ကြီးပန်းခြံ က ကရဝိတ်ပုံ) ပန်းချီကားတချပ်တော့ ပို့လာတယ်ပြောတယ် ” - ဟု ပွဲတော်တက် ရောက်သူ မြောက်ပိုင်းသျှမ်းပြည်သားတဦးက ဆို၏။
 
၀ ပြည်ထူထောင်ခြင်းနှစ် ၂၀ ပြည့်အခမ်းအနားကျင်းပစဉ်က စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ခြင်းမရှိဘဲ အောက်ခြေတပ်မှူးအဆင့်သာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ကြောင်း၊ အလားတူ မိုင်းလားပွဲတော်တက်ရောက်ရန်  နာမည်နှင့်တကွ ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်းမရှိသည်မှာ တရုပ်နယ်စပ်အခြေစိုက် အပစ်ရပ်များအပေါ် ဆက်ဆံရေး အဆင့်လျှော့ချသည်ကို ပြသခြင်းသာဖြစ်ကြောင်း ၀ တပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။
 
အထူးဒေသ ၄ မိုင်းလားအဖွဲ့သည် ၁၉၈၉ ကတည်းက ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကိုးကန့်အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ်တပ်မတော်- ကချင် NDA-K တို့နှင့်အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF အဖြစ်စု ပေါင်းဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သဖြင့် စစ်အစိုးရ၏နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စကို ပန်ဆန်းအဖွဲ့နည်းတူ ခေါင်းခါ ငြင်းဆန်ခဲ့သော်လည်း အဖွဲ့ဝင်ဖြစ်သည့် ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA-K က ဂျွန်လ နှောင်းပိုင်း၌ နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် စစ်အစိုးရထံ အကြောင်းပြန်လက်ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။