မြောက်ကိုးရီးယား သင်္ဘောနှင့် အပစ်ရပ်များ အပေါ်စစ်အစိုးရ ဖိအားပေးမှု ဆက်စပ်ဘွယ်ရှိ

မြောက်ကိုးရီးယား သင်္ဘောနှင့် အပစ်ရပ်များ အပေါ်စစ်အစိုးရ ဖိအားပေးမှု ဆက်စပ်ဘွယ်ရှိ
မြောက်ကိုးရီးယားသင်္ဘော The Kang Nam I ဗမာပြည်ဘက် ဦးတည်သွား နေပုံရကြောင်း ဂျွန် ၂၁ YIM တောင်ကိုးရီးယား ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန်ချက်သည် အပစ်ရပ်အဖွဲ့များအပေါ်နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ ဖိအားပေး ...

မြောက်ကိုးရီးယားသင်္ဘော The Kang Nam I ဗမာပြည်ဘက် ဦးတည်သွား နေပုံရကြောင်း ဂျွန် ၂၁ YIM တောင်ကိုးရီးယား ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန်ချက်သည် အပစ်ရပ်အဖွဲ့များအပေါ်နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ ဖိအားပေးမှုနှင့် ပတ်သက်ဆက်နွယ်နိုင်ကြောင်း သျှမ်းပြည်အရေးလေ့လာသူ အချို့ကဆိုသည်။
 
၂ဝဝ၉ မကုန်မီ ငြိမ်းအဖွဲ့များအားလုံး ကာကွယ်ရေးဦးစီးချုပ်အောက်ထားရှိမည့် စစ်အစိုးရ၏အစီအစဉ်အတိုင်း အပစ်ရပ် အဖွဲ့များ အား အကြိမ်ကြိမ်တွေ့ဆုံသတိပေးခဲ့သော်လည်း အောင်မြင်မှုမရသည့်အပြင် နှစ်ဘက်ဆက်ဆံရေး တင်းမာ လာမှု၊  အပြိုင်အဆိုင် အင်အားတိုးချဲ့မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ဝ ပြည်သွေးစည်းရေး တပ်မတော်၏ လူသူ လက်နက် ပြင်ဆင်ဖြည့်တင်းနေမှု အပေါ် စစ်အစိုးရ၏တုန့်ပြန်ချက်မှာ မြောက်ကိုးရီးယား၏ The Kang Nam I သင်္ဘောနှင့် ဆက်စပ်ဘွယ်ရှိသည်ဟု သျှမ်းပြည်အရေး လေ့လာသည့် အကဲခတ်တဦးက ပြောပါသည်။
 
တောင်ကြီးမှ SB ရဲမှူးတဦး၏ ထုတ်ဖေါ်ချက်ကို ကိုးကားဖူးသည့် လားရှိုးကုန်သည်တယောက်က  - “အပစ်ရပ်တွေနဲ့ မမျှော်လင့်ဘဲ တိုက်ပွဲတွေဖြစ်လာရင် တပ်မတော်ကမြောက်ကိုးရီးယားကရလာတဲ့ လက်နက်ဆန်းတွေသုံးမယ် ထင်တယ်။ လူတွေများများသေလိမ့်မယ်” ဟု (မေလလယ်ပိုင်း) ပြောကြားသည့်အချက်၊ ဂျွန် ၉ ရက်နေ့ စရဖ ညွှန်ချုပ် ဗိုလ်ရဲမြင့်က မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား -“ခင်ဗျားတို့ နှစ်ပေါင်း ၂ဝ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တော်တော် စွမ်းဆောင် နိုင်ခဲ့တယ်။ ချီးကျူးစရာဘဲ။ အသွင်ပြောင်းဖို့ဘူးခံငြင်းဆန်နေရင် ဒါတွေကို မနှမြောဘူးလား” ဆိုသည့်အချက်အပေါ် ၎င်းပုဂ္ဂိုလ်က -
 
“သီရိလင်္ကာသမ္မတ ဂျွန်လဆန်းပိုင်း လာတုံးက တမီးလ်ကျားသပုန်တွေကို အနိုင်ယူနိုင်တဲ့ နည်းနာအကြောင်းတွေ ပြောပြ ခဲ့တာကို တပ်ချုပ်ကြီးက အရမ်းအားတက်တယ်လို့ ပြောတယ်။ ဝ တို့ မိုင်းလားတို့ အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုက်ရရင် မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ သုံးဖို့များတယ် ဆိုတာပေါ့။ အဲဒီလက်နက်တွေ သုံးရင် အပစ်ရပ်တွေ၊ ပြည်သူတွေရဲ့ တိုက်တာအိုးအိမ် အများအပြား ပျက်စီးဆုံးရုံးမယ်။ လူတွေ အစုလိုက်အပြံုလိုက် သေကျေ ကြမယ် ဆိုတဲ့သဘော”- ဟု ဆို၏။
 
ဂျွန် ၁၇ ရက်က The Kang Nam Iသင်္ဘောသည် မြောက်ကိုးရီးယားဆိပ်ကမ်းမှ ထွက်ခွာလာပြီဖြစ်ကြောင်း၊ သင်္ဘောပေါ် တင်ဆောင်လာသည့် ပစ္စည်းများ အတိအကျမသိရသော်လည်း အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော USS John S. McCain သတင်းပေးပို့ချက်ကို ကိုးကားလျှင် ဒုံးလက်နက်နှင့် အပိုပစ္စည်းများ ဖြစ်နိုင်ကြောင်း၊ အဆိုပါ သင်္ဘောသည် စင်္ကာပူဆိပ်ကမ်း မှတဆင့် ဗမာပြည်သို့ တိုက်ရိုက်ဦးတည် ခုတ်မောင်းနေကြောင်း နိုင်ငံတကာ သတင်းများက ဆိုပါသည်။
 
မြောက်ကိုးရီးယား အစိုးရက အဆိုပါ သူ့နိုင်ငံပိုင်သင်္ဘောကို မည်သည့် နိုင်ငံမဆို နိုင်ငံတကာ ရေပိုင်နက်၌ ဟန့်တား စစ်ဆေးလျှင် သူ့အားစစ်ရေး ကြေငြာခြင်းဖြစ်သည်ဟု မှတ်ယူမည ်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေငြာထားသည်။