မိုင်းလား နှစ် ၂ဝ ပြည့်အခမ်းအနား ကျင်းပရက်နီး နှစ်ဘက်လုံခြံုရေး တင်းကြပ်

မိုင်းလား နှစ် ၂ဝ ပြည့်အခမ်းအနား ကျင်းပရက်နီး နှစ်ဘက်လုံခြံုရေး တင်းကြပ်
အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA ထူထောင်ခြင်း နှစ် ၂ဝ ပြည့်အခမ်းအနားပွဲတော် ကျင်းပရက်နီးလာသည် နှင့်အမျှ စစ်အစိုးရနှင့် မိုင်းလားဆက်သွယ်ရေး လမ်းကြောင်းတလျှောက် လုံခြံုရေးအထူး တင်းကြပ်ကြောင်း တရုပ်နယ်စပ် သတင်း  ရပ်ကွက်ဆို ...

အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA ထူထောင်ခြင်း နှစ် ၂ဝ ပြည့်အခမ်းအနားပွဲတော် ကျင်းပရက်နီးလာသည် နှင့်အမျှ စစ်အစိုးရနှင့် မိုင်းလားဆက်သွယ်ရေး လမ်းကြောင်းတလျှောက် လုံခြံုရေးအထူး တင်းကြပ်ကြောင်း တရုပ်နယ်စပ် သတင်း  ရပ်ကွက်ဆိုပါသည်။
 
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလားအဖွဲ့ ဗကပမှခွဲထွက် ပြီးအပစ်ရပ်ခဲ့ခြင်းနှစ် ၂ဝ ပြည့်အခမ်းအနားကို ဂျွန် ၂၉ - ၃ဝ ရက် မိုင်းလားမြို့ ဗဟိုဌာနချုပ်၌ ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါပွဲတော်သို့  အပစ်ရပ်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအား ဖိတ်ကြားထားသကဲ့သို့ စစ်အစိုးရဘက်မှ ထိပ်တန်း အ ရာရှိကြီးများလည်း ဖိတ်ကြားထားကြောင်း၊ ကျိုင်းတုံ/ မိုင်းယန်း/ မိုင်းယောင်းတို့မှ မိုင်းလားလမ်းတလျှောက်အဝင် အထွက် ခရီးသွားဖြတ်သန်းသူများအား အထူးကြပ်မတ် စစ်ဆေးကြောင်း ခရီးသွားများက ဆိုသည်။
 
အမည်မဖေါ်လိုသည့်ခရီးသွားတဦးက - “ပုံမှန်သွားလာတဲ့ ကျနော်တို့လိုဒေသခံတွေကတော့ ဆိုင်ရာအာဏာပိုင်တွေ မျက်မှန်းတမ်းမိပြီလေ၊ ထွေထွေထူးထူးမစစ်ဆေးဘူး။ မျက်နှာစိမ်း၊ အထူးသဖြင့် မိုင်းလားပွဲတော်သွားမယ့် ဧည့်သည် တွေကို အရမ်းစစ်ဆေးတယ်။ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘယ်သွားမလဲ၊ ဘာသွားလုပ်လဲ၊ ဘယ်နှစ်ရက် ကြာမလဲ စသဖြင့် လျှောက်မေးတယ်၊ မိုင်းလားပွဲတော်သွားလို့မရအောင် ခြိမ်းခြောက်တဲ့သဘော” ဟုဆို၏။
 
ထို့အတူမိုင်းလား အာဏာပိုင်များဘက်ကလဲ ဒေသအတွင်းဝင်ရောက်သည့် ခရီးသွားများအား ပြီးခဲ့သည့် ၁၃-၁၄ ရက်နေ့ လောက်မှစ၍လုံခြံုရေး အတွက် အထူးကြပ်မတ်စစ်ဆေးနေကြောင်း၊ ခရီးသွားတဦးက -“ကျနော်က သျှမ်းအမျိုးသားပဲ၊ ဒါပေ မဲ့ မှတ်ပုံတင်ထဲမှာက ဗမာနာမည်ဆိုတော့ အရမ်းစစ်ဆေးခံရတယ်။ ဘယ်မှာအိပ်မလဲ ဘယ်သူက ထောက်ခံပေးလဲ စသဖြင့် ပေါ့။ မိုင်းလားမှာပေးမအိပ်ဘဲ မောင်းထုတ်တာတော့မရှိသေးဘူး” - ဟု သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။
 
ပန်ဆန်းအဖွဲ့  ပွဲတော်ကျင်းပစဉ်က စစ်အစိုးရ၏ ထိပ်တန်းအရာရှိ တက်ရောက်ခြင်းမရှိသောကြောင့် ယခုမိုင်းလားအဖွဲ့ ကျင်းပသည့်ပွဲတော်တွင် စစ်အစိုးရ၏ ထိပ်တန်းအရာရှိများအား နာမည်နှင့်တကွ ဖိတ်ကြားထားကြောင်း အပစ်ရပ် ထိပ်ပိုင်း ခေါင်းဆောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကဆိုသည်။
 
မိုင်းလားအဖွဲ့သည် ၁၉၈၉ ဂျွန်တွင် ဗကပ မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်ရပ်သဘောတူကာ မိုင်းလားမြို့ ကို ဗဟိုထား ၍ အထူးဒေသ ၄ အဖြစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှစ် ၂ဝ အတွင်း တစိုက်မတ်မတ်ကြိးပမ်းခဲ့ရာ ၁၉၉၄ တွင် မူးယစ် ကင်းစင် ဒေသအဖြစ်လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် စစ်အစိုးရလမ်းပြမြေပုံအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဦးစီး ချုပ်လက်အောက်ထားရှိမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဂျွန်လနောက်ဆုံးထား သတင်းပေးပို့ရန် သတိ ပေးထားခဲ့သည့်အပေါ် လက်မခံနိုင်သေးကြောင်း ဂျွန် ၉ ရက် ဗိုလ်ရဲမြင့်နှင့်နောက်ဆုံးတွေ့စဉ် တရားဝင်ခေါင်းခါငြင်းဆန် ထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။
 
အထူးဒေသ ၄ မိုင်းလားအဖွဲ့သည် ၁၉၈၉ ကတည်းက ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ ကိုးကန့် အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ်တပ်မတော်- ကချင် NDA-K တို့နှင့်အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF အဖြစ်စုပေါင်းဖွဲ့စည်း ထားသည့်အဖွဲ့ ဖြစ်သဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ပန်ဆန်း နည်းတူ ခေါင်းခါငြင်းဆန်သည့် အဖွဲ့ဖြစ်သည်။