ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက်မကိုက် - ပန်ဆန်းနည်းတူ မိုင်းလား အဖွဲ့လည်းခေါင်းခါ

ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက်မကိုက် - ပန်ဆန်းနည်းတူ မိုင်းလား အဖွဲ့လည်းခေါင်းခါ
ယခုလ ၉ ရက်နေ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့အား အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနှင့်အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ ပန်ဆန်း တို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြား ...

ယခုလ ၉ ရက်နေ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့အား အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနှင့်အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ ပန်ဆန်း တို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ဗိုလ်ရဲမြင့်အဖွဲ့ခရီးစဉ်အား မိုင်းလားဥက္ကဌစဝ်စိုင်းလင်း၊ ဒုဥက္ကဌ စဝ်ဆန်လူ၊ စဝ်ဆန်းပေ၊ တပ်မဟာမှူး၊ ဌာနမှူးများက ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဖြိုး၊ တြိဂံတိုင်းဂျီဝမ်း၊ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်း၊ ကျိုင်းတုံစရဖမှူးတို့ အဖွဲ့အား အထူးဒေသ ၄ မြို့တော် မိုင်းလား ၌ ၃ နာရီကြာ လက်ခံတွေ့ဆွေးနွေးကြောင်းသိရသည်။

“မနေ့တုန်းကမနက် ဝ၉းဝဝ နာရီကနေ ၁၂းဝဝ နာရီအထိ ဗိုလ်ချုပ်ကြီးရဲမြင့် နဲ့အဖွဲ့ကို မိုင်းလားခေါင်းဆောင်ဦးစိုင်းလင်း ကိုယ်တိုင်လက်ခံတွေ့ဆုံတယ်၊ ပြီးတော့နေ့လည်စာအတူတူစားတယ်။ တပ်အသွင်ပြောင်းရေးကိစ္စ အဓိကပြောဆိုကြတယ်။ မိုင်းလားဥက္ကဌကြီးက တပ်သားထုနဲ့ ပြည်သူ့ ဆန္ဒအရ တပ်အသွင်ပြောင်းရေး ကိစ္စ အဆင့်သင့် မဖြစ်သေးဘူးလို့ ဗိုလ်ချုပ်ရဲမြင့် ကို တိုက်ရိုက်ပြောတယ်” ဟု အပစ်ရပ်ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က -  “ကိုးကန့်အဖွဲ့နဲ့သွားတွေ့တုန်းက ကျနော်တို့ရည်ရွယ်ချက်ကို သူတို့သဘောမပေါက်ကြဘူး။ ပန်ဆန်းရောက်တော့လဲ ပိုဆိုးတယ်။ အောက်ခြေအထိ ဆန္ဒသဘောထား ဟုတ်လား/မဟုတ်လားမသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်းကဘဲ ဘူးခံငြင်းတယ်။ မိုင်းလားအဖွဲ့တော့ ကျနော်တို့ရဲ့စေတနာကို ပိုမိုနားလည်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ”- ဟုပြောရာ  မိုင်းလားအတွက်အချက်ကောင်းပိုရသွားပြီး မိုင်းလားဥက္ကဌ ဦးစိုင်းလင်းက -

“ကျနော်တို့ အောက်ခြေတပ်မှူးအဆင့်ဆင့်နဲ့ ပြည်သူတွေရဲ့ သဘောထားကို ဂျွန်လ ၂ ရက်နေ့ကနေ ၆ နေ့အထိ စစ်တမ်း ကောက်ခဲ့တယ်၊ ၉၅ % က လက်မခံကြဘူး။ အားလုံးရဲ့သဘောထားက နဂို ပိုနေမြဲကျားနေမြဲအတိုင်းပဲ ဆက်လက် နေထိုင် သွားလိုတယ်” ဟု ပြောကြောင်း အဆိုပါဆို့စ်ကဆိုပါသည်။

ဗိုလ်ချုပ်ကြီးရဲဲမြင့်က မိုင်းလားခေါင်းဆောင်များအား - “ခင်ဗျားတို့ကို အဦးဆုံးစံပြဖြစ်စေချင်တယ်၊ နယ်ခြား စောင့်တပ်ဖြစ်ဖို့ သဘောတူလက်ခံရင် ရွေးကောက် ပွဲပြီးသွားလို့အစိုးရသစ် ပေါ်ထွက်လာတဲ့အချိန် ခင်ဗျားတို့ အဖွဲ့တရားဝင်ဖြစ်လာ အောင် ထောက်ခံအားပေးမယ်”- ဟု ထည့်သွင်းပြောဆိုစည်းရုံးခဲ့သည်ဟုဆို၏။

ဗိုလ်ချုပ်ရဲမြင့်က ပျော့ပြောင်းစွာဖြောင်းဖျသော်လည်း ခြိမ်းခြောက်မှုအချို့ပါနေကြောင်း၊ “ခင်ဗျားတို့ နှစ်ပေါင်း ၂ဝ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တော်တော်စွမ်းဆောင်နိုင်ခဲ့တယ်။ ချီးကျူး စရာဘဲ။ အသွင်ပြောင်းဖို့ ဘူးခံ ငြင်းဆန် နေရင် ဒါတွေကိုမနှမြောဘူးလား” ဟူသည့် အသုံးအနှုန်းများလည်း ပါဝင်ကြောင်း ထိုဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်သည် ယခုလ ၃ ရက်နေ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း ) လားရှိုးတွင် တွေ့ဆုံစဉ် အပစ်ရပ် SSA-N ခေါင်းဆောင်များက- “အခုလောလောဆယ် လူငယ်တပ်မှူးခပ်များများနဲ့ အောက်ခြေအဆင့်တွေက အသွင် ပြောင်းဖို့ သဘောမပေါက်သေးတော့ ကျနော်တို့ ဆက်လက်စည်းရုံးနေရတုန်းဖြစ်တယ်။ အဆင်သင့်မဖြစ် သေး တာကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရ သစ်ပေါ်ပေါက်လာမှသာ အဲကိစ္စ ပြန်ဆွေးနွေးစေချင်ပါတယ်”  - ဟုပြော သည် ဟုဆို၏။

တရုပ်နယ်စပ်အခြေပြုအပစ်ရပ်အဖွဲ့များ ဘူးခံငြင်းဆိုနေခြင်းမှာ ၎င်းတို့၏ နောက်ကွယ်တွင် တရုတ်ရှိသည် ဟု ယူဆသောကြောင့် ယခုရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုပ်ပြည်သို့သွားပြီး တရုပ်နယ်စပ်အပစ်ရပ် အဖွဲ့များ ဖိအားပေးရန် ချဉ်းကပ်အကူအညီတောင်းလိုဘွယ်ရှိသည်ဟုဆိုသည်။ လွန်ခဲ့သည့်မေလဆန်းပိုင်းက တရုပ် အာဏာပိုင်အချို့က နအဖ အာဏာပိုင်းများအား “ခင်ဗျားတို့ဆီမှာ ဝ တွေ၊ တခြားတိုင်းသားတွေ တပုံရှိရင်ကျုပ်တို့ ဆီမှာ ၃-၄ ပုံရှိတယ်။ ကျုပ်တို့ အစိုးရက တရားဝင်ထောက်ခံအားပေးတာမရှိဘူး။ သူတို့ လူမျိုးအချင်းချင်း ကူညီကြ တာ ပဲရှိမှာပေါ့၊ ကျုပ်တို့ကတော့ ဘာအကူအညီမှမပေးဘူး” ဟုလှီးလွှဲပြောဆိုလိုက်ကြောင်းတရုပ်နယ်စပ်နိုင်ငံရေး စစ် ရေးလေ့လာသူ တဦးကဆိုသည်။