နအဖ တပ်စခန်းအား သျှမ်းပြည်တပ်မတော် ဝင်ရောက်တိုက်ခိုက်

နအဖ တပ်စခန်းအား သျှမ်းပြည်တပ်မတော် ဝင်ရောက်တိုက်ခိုက်
သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ နအဖတပ် နှင့် ပုလိပ်လမ်းကင်းတဲ တခုအား သျှမ်းပြည်တပ်မတော် တပ်ဖွဲ့တဖွဲ့က စီးနင်းတိုက်ခိုက်ရာ နအဖစစ်တပ်ဘက်မှ ၅ ယောက်ဆုံးပြီး လက်နက်များလည်း ဆုံးရှုံးကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်ကဆို ...

မေ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ နအဖတပ် နှင့် ပုလိပ်လမ်းကင်းတဲ တခုအား သျှမ်းပြည်တပ်မတော် တပ်ဖွဲ့တဖွဲ့က စီးနင်းတိုက်ခိုက်ရာ နအဖစစ်တပ်ဘက်မှ ၅ ယောက်ဆုံးပြီး လက်နက်များလည်း ဆုံးရှုံးကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။

“မနေ့က မနက် ဝ၄း၃ဝ လောက်မှာ သျှမ်းတပ်တွေ ကားလမ်းမြောက်ခြမ်းမှာတဖွဲ့ အနောက်ဖက် ခြမ်းမှာ တဖွဲ့ လဲချား - ပင်လုံ အကြား မိုင်တိုင်အမှတ် ၂၁ မှာ စခန်းချတဲ့ လမ်းကင်းတဲ တခုကို ဝင်တိုက်တယ်။ ဗမာဘက်က ၄-၅ယောက်သေ တယ်လို့ပြောတာဘဲ” - ဟု ပင်လုံမှ ကုန်သည်တဦးကပြောသည်။

လိုင်းခ ခေါ် လဲချား အခြေစိုက် ခလရ ၆၄  ဒုအရာခံဗိုလ် နှင့် တပ်ဖွဲ့ဝင် ၅ ယောက်၊ ပုလိပ် ၅ ယောက်တို့ လမ်းကင်း စခန်းစောင့်ကြကြောင်း၊ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ဒုအရာခံဗိုလ်တင်အုန်း နှင့် တပ်သား တယောက်၊ ဒုရဲအုပ် အေးမင်းထွန်း နှင့် ရဲသား ၂ ယောက် စုစုပေါင်း ၅ ယောက် သေဆုံးပြီး သေနတ် ၃ လက်ဆုံးရှုံးကြောင်း ဒေသခံများ ပြောဆို၏။

၎င်း ကိစ္စ နှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်မှတာဝန်ရှိများထံ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလိုင်း အခက် အခဲကြောင့် မေးမြန်းခွင့်မရရှိခဲ့ပါ။   

“စစ်သား ၂ ယောက် နဲ့ ပုလိပ် ၃ ယောက်သေတယ်လို့ပြောတယ်။ သျှမ်းသူပုန်တွေ သေနတ် ၃ လက်သိမ်းယူသွား တယ်တဲ့ ” - ဟု ပင်လုံ ဒေသခံတဦးက ဆိုသည်။

၂ဝဝ၉ မေ ၂၁ ရက်သည် သျှမ်းပြည်အမျိုးသားများ တော်လှန်ရေးနေ့ ၅၁ နှစ်ပြည့်သည့် အချိန်ဖြစ်သောကြောင့် တောင်တန်း - မြေပြန့် တန်းတူရေးအတွက် စတင်တိုက်ပွဲဝင်သည့်နေ့ကို သျှမ်းပြည်တပ်မတော် သားများထာဝရ အောင့်မေ့လျက်ရှိကြောင်း ပြသလိုက်သည်ဟု သျှမ်းပြည်မျိုးချစ်တဦးကဆိုသည်။