NDAA ထိန်းချုပ်နယ်မြေအတွင်း နအဖ တပ် ကျူးကျော်ဝင်ရောက်

NDAA ထိန်းချုပ်နယ်မြေအတွင်း နအဖ တပ် ကျူးကျော်ဝင်ရောက်
မေလ ၁၂ ရက်ကသျှမ်းပြည်အရှေ့ ပိုင်း NDAA အပစ်ရပ်မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် ပုန်းခိုနေ သော နအဖတပ်စိတ်တစ်စိတ်အပေါ် ချက်ချင်းထွက်သွားရန် ရာဇသံပေးခံရသဖြင့် တက်သုတ်နှင် ပြန်ဆုတ်ခဲ့ရကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆို ...

မေလ ၁၂ ရက်ကသျှမ်းပြည်အရှေ့ ပိုင်း NDAA အပစ်ရပ်မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် ပုန်းခိုနေ သော နအဖတပ်စိတ်တစ်စိတ်အပေါ် ချက်ချင်းထွက်သွားရန် ရာဇသံပေးခံရသဖြင့် တက်သုတ်နှင် ပြန်ဆုတ်ခဲ့ရကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းယန်းအခြေစိုက် ခလရ ၂၇၉ က စစ်သား  ၈ ယောက် အပစ်ရပ် NDAA တပ်မဟာ ၃၆၉ ထိန်းချုပ် နယ်မြေထဲ ဝင်ရောက်ပြီး မိုင်းယန်းအနောက်ဘက် ၁၄-၁၅ မိုင်အကွာ ယန်းကောင့်အုပ်စု ဟွေ့ပွန်းရွာမှာ ပုန်းခိုနေတာ” ဟု အမည်မဖော်လိုသူ မိုင်းယန်း မြို့သူတစ်ဦးကပြောပြသည်။
 

နအဖစစ်သားများ လာရောက်ပုန်းခိုနေသည်သိလျှင်သိချင်း ၃၆၉ မှ တပ်ရင်းမှူးတဦးက “နအဖ ထိန်းချုပ်နယ် မြေထဲ ကျုပ်တို့တစ်ခါမှ မကျွံ့ခဲ့ဖူးဘူး၊ အဲဒါကြောင့် အမြန်ဆုံးပြန်ဆုတ်ပါ။ ပြန်မဆုတ်ရင်ကျုပ်တို့ တာဝန် မဟုတ်၊ ကျုပ်တို့ကို အဆိုးမဆိုနဲ့” ဟု အကြောင်းကြားခဲ့သည်ဟု NDAA တပ်ဖွဲ့ မှ အရာရှိတစ်ဦးကလည်း ပြောပြသည်။

သွားရောက်သတိပေးသည့် မိုင်းလားတပ်ဖွဲ့ တပ်သားအချို့ကလည်း “အကောင်းလို ချင်ရင်အမြန်ဆုံး နောက်ဆုတ်ပါ၊ နို့မဟုတ်ရင် ခင်ဗျားတို့ကိုဝန်းရံဖို့ ကျုပ်တို့စစ်အင်အား ပြင်ဆင်ထားပြီးပြီ” ဟုထပ်မံ ခြိမ်းခြောက်သဖြင့် ၎င်းတပ်စိတ် မှားကြောင်းဝန်ခံတောင်းပန်၍ သုတ်သီးသုတ်ပြာပြန်ထွက် သွားသည် ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက“နအဖ တပ်တွေ မိုင်းလားတပ်ဖွဲ့ကိုသွေးတိုးစမ်းချင်လို့ဘဲဲ” ဟု သုံးသပ်ပြော ပြသည်။

မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့် ကာကွယ်ရေးတပ်အသွင်ပြောင်းရန်၊ ဂျွန်လနောက်ဆုံးထား၍ လူသူ လက်နက် အင်အား နှင့် အသက် ၅ဝ အထက် ပင်စင်စားမည့် အရာရှိများစာရင်းပေးပို့ရန် စစ်အစိုးရက ဧပြီလနှောင်း ပိုင်း၌ သတိပေးပြောကြားခဲ့သည်။