တောင်ပိုင်း ဝ တပ် စခန်းများ ရုပ်ပေးရန် တြိဂံတိုင်းမှူး သတိပေး

တောင်ပိုင်း ဝ တပ် စခန်းများ ရုပ်ပေးရန် တြိဂံတိုင်းမှူး သတိပေး
တောင်ပိုင်း ဝ တပ်စခန်းသုံးခုအမြန်ဆုံးရုပ်ပေးရန်  တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ဝ တပ်မှူးများအားခေါ်ပြော ကြောင်း နယ်စပ် သတင်းရပ်ကွက်ကဆိုပါသည်။ မေ ၁၆-၂ဝ ရက်နေ့ ၅ ရက်ကြာ သျှမ်းပြည်အရှေ့ တောင်ပိုင်း သို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးရောက်ရှိစဉ် ...

တောင်ပိုင်း ဝ တပ်စခန်းသုံးခုအမြန်ဆုံးရုပ်ပေးရန်  တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ဝ တပ်မှူးများအားခေါ်ပြော ကြောင်း နယ်စပ် သတင်းရပ်ကွက်ကဆိုပါသည်။

မေ ၁၆-၂ဝ ရက်နေ့ ၅ ရက်ကြာ သျှမ်းပြည်အရှေ့ တောင်ပိုင်း သို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးရောက်ရှိစဉ်  တောင်ပိုင်း ဝ တပ်ဖွဲ့ အား ဂျွန်လနောက်ဆုံးထား၍ - (၁) နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန်၊ (၂) အသွင်ပြောင်းဖို့ မလုပ် နိုင်ပါက မြောက်ပိုင်းပန်ဆန်းဌာနချုပ်သို့ တပ်ရုပ်ရန်သတိပေးခဲ့သည့်အပြင် နအဖအရာရှိများ သွားလာရာလမ်း တလျှောက် ရှိ ဝ တပ် စခန်းသုံးခုအား အမြန်ဆုံး တပ်ရုပ်ပေးရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ကို အရင်တုံးကလို နယ်ခြားစောင့်တပ် လုပ်ရင်လုပ် မဟုတ်ရင် သျှမ်းတပ်ကိုသွားတိုက်၊ ဒါမှမဟုတ် မြောက်ပိုင်း ဝ နယ်မြေ ဘက်အကုန်ပြန် လို့မပြောတော့ဘူး။ အခုဟာက အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင်ပြန်၊ မပြန်ရင် ရှောင်လွဲ လို့မရဘူးလို့ပြောတယ်။” ဟု အမည်မဖေါ်လိုသည့် တောင်ပိုင်းဝ တပ်မဟာ ၂၄၈ မှ အရာရှိတဦး ကဆိုသည်။

စစ်အစိုးရ တပ်ရုပ်ခိုင်းသည့်စခန်းသုံးခုမှာ မိုင်းတုံ - ပုံပါကျင် ကားလမ်းမှ အနောက်ဖက်သို့ ဖေါက်ထားသော မိုင်းကျွက် - မိုင်းထား - မိုင်းတော့ - ပန်မိုင်ဆုန်ကားလမ်းပေါ်ရှိ - ၁။ လွယ်ဆမ်ဆုမ်စခန်း၊ ၂။ ကျူဟူးလုံး (မိုင်းကျွက်) စခန်း၊ ၃။ ဟွေ့ယောဝ်း (ပန်ယန်း) စခန်းတို့ဖြစ် သည်ဟု ဆိုသည်။

“အမြန်ဆုံးတပ်ရုပ်ခိုင်းတဲ့ကိစ္စကို ကျနော်တို့ ဘာမှအကြောင်း မပြန်ဘူး။ အခုလောလောဆယ် တပ်မဟာမှူး၊ တပ်ရင်းမှူး တွေလဲ တယောက်မှမရှိဘူး။ ပန်ဆန်းဌာနချုပ် အစည်းအဝေးသွားနေကြတယ်။ ပန်ဆန်းဆုံးဖြတ်ချက်ကိုဘဲ ကျနော်တို့ နာခံရမှာဘဲ” ဟု ဆက်ပြော၏။

ဂျွန်လနောက်ဆုံးထား၍ အသွင်ပြောင်းရေး/တပ်ရုပ်ရေးနှင့် ပတ်သက်၍  အကြောင်းပြန်ပေးရမည်ဟု ဗိုလ်ချုပ်ကျော်ဖြိုး ကိုယ်တိုင် ပြောဆိုခဲ့သဖြင့် ရက်ပေါင်း ၄ဝ-၅ဝ အတွင်း တောင်ပိုင်း ဝ နှင့် နအဖ ဆက်ဆံရေးအလားအလာအပေါ် ပိုမို ကြားသိရမည်ဖြစ်ကြောင်း ထိုအရာရှိ ကပြောဆိုသည်။