ဗမာ့တပ်မတော် စစ်တပ်/စစ်ကြောင်းများ၏ မူအမျိုးမျိုးကြောင့် ဆင်းရဲသည့်ပြည်သူများ ပိုဒုက္ခရောက်

ဗမာ့တပ်မတော် စစ်တပ်/စစ်ကြောင်းများ၏ မူအမျိုးမျိုးကြောင့် ဆင်းရဲသည့်ပြည်သူများ ပိုဒုက္ခရောက်
သျှမ်းပြည် ဒေသအသီးသီး အခြေစိုက် စစ်တပ်မှ အရာရှိများက ဘိန်းခြံခွန်ကောက်ပြီး ဘိန်းစိုက်ခိုင်း/ စိုက်ခွင့်ပေး သော်လည်း စစ်အစိုးရ နယ်လှည့်စစ်ကြောင်းများက ဘိန်းစိမ်းတွေ့လျှင် ဖမ်းဆီး ဒဏ်ရိုက်သောကြောင့် ခေတ်ပညာဖွံ့ဖြိုးမှု မရှိသည့် ကျေးလက်လူထုများ ပိုမိုဒုက္ခကြံုတွေ့ရ ...

သျှမ်းပြည် ဒေသအသီးသီး အခြေစိုက်စစ်တပ်မှ အရာရှိများက ဘိန်းခြံခွန်ကောက်ပြီး ဘိန်းစိုက်ခိုင်း/ စိုက်ခွင့်ပေး သော်လည်း စစ်အစိုးရနယ်လှည့်စစ်ကြောင်းများက ဘိန်းစိမ်းတွေ့လျှင် ဖမ်းဆီးဒဏ်ရိုက်သော ကြောင့် ခေတ်ပညာဖွံ့ဖြိုးမှု မရှိသည့် ကျေးလက်လူထုများ ပိုမိုဒုက္ခကြံုတွေ့ရကြောင်း နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။

သံလွင်အရှေ့ခြမ်း တာလေအခြေစိုက် ခမရ ၅၇၁ နှင့် ၅၇၂ က ကျေးလက်နေပြည်သူလူထုအား “ဆင်းရဲ ဒုက္ခ ဒဏ်မှ ကျော် လွှားနိုင်ရန် ဘိန်းစိုက်နိုင်တယ်။ ဘိန်းခွန်တော့ ထိုက်သင့်သလောက်ထည့်ပါ” ဟု ၂ဝဝ၉ နှစ်ဦးပိုင်းက ကားလမ်း နှင့်ဝေးသည့် ကျေးလက်လူထုများအားပြောခဲ့သော်လည်း မိုင်းဖြတ် အခြေစိုက် စစ်ကြောင်းများ နယ်လှည့်လာပါက ဘိန်းခြံတွေ့လျှင် တပိဿာဘယ်လောက်နှုန်းဖြင့် ဒဏ်ငွေရိုက်သည့် အပြင်တွေ့သမျှ ဘိန်းစိမ်းများ အားလုံးလည်း ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်တို့ကို စိုက်ခိုင်းတာက တာလေတပ်။ အခုလာပြီးဘိန်းစိမ်းတွေ သိမ်းယူ/ဒဏ်ရိုက်တာက မိုင်းဖြတ်် နဲ့ တာချီလိတ် က လာတဲ့တပ်တွေပေါ့။ ကျနော်တို့က ဆင်းရဲတယ်။ စိုက်လို့ရတယ်ဆိုလို့ စိုက်တာပေါ့။ အခုက ဖမ်းမိတဲ့ ဘိန်းအလေးချိန် နည်းရင် ကြက် ဝက် ကျွဲ နွား ဒဏ်ရိုက်တယ်။ ပိဿာချိန်အဆင့်ဆိုရင်တော့ ဘတ်ငွေသောင်းချီပေးရတယ်။ ” ကျေးလက် နေ လားဟူ အမျိုးသားတဦးက ပြောပါသည်။

ဗမာ့တပ်မတော်စစ်ကြောင်းများ အိမ်ပေါ်တက်မွှေနှောက်ပြီး ဘိန်းစစ်ဆေးတွေ့မိပါက တဆယ်သား- ကြက် ဝက် ဘယ်နှစ် ပိဿာ ဟူ၍လည်းကောင်း၊ ၅ဝ ကျပ်သားခန့်တွေ့ပါက ဘတ်ငွေ ၅ ထောင်၊ ၁ ပိဿာခန့် တွေ့ပါက ဘတ်ငွေ ၃ သောင်း ဒဏ်ရိုက်သည့်အပြင် တွေ့သမျှဘိန်းစိမ်းများ၊ လိုချင်သည့် ပစ္စည်များ အားလုံးကိုလည်း ယူဆောင်သွားကြောင်း အဆိုပါ လားဟူအမျိုးသားက ဆက်ပြောပြပါသည်။

မဲခေါင်မြစ်အနောက်ခြမ်း နှင့် ကျိုင်းတုံ - တာချီလိတ်ကားလမ်း မြောက်ဘက်ခြမ်း ဒေသရှိကျေးရွာများသည် ဖေဖေါ်ဝါရီလ နှောင်းပိုင်း (နော်ခမ်းအဖွဲ့ နှင့် တရုပ်တို့ ပြဿနာဖြစ်ပွားပြီး နောက်ပိုင်း) ဗမာတပ်မတော်၏ စစ်ကြောင်း ဒဏ် အလူးအလိမ့် ခံရသောဒေသဖြစ်သည်။ “နော်ခမ်းအဖွဲ့ကို ရှာတယ်ဆိုလည်း တောနက်တဲ့ အပိုင်းဘက် ဘယ်စစ်ကြောင်းမှ မသွားဘူး၊ ရွာရှိတဲ့ဘက် ဘဲမွှေနှောက်တယ် ” ဟု ထိုရွာသားကပြောပါသည်။