ဝ နယ်တွင်း သန်းခေါင်စာရင်းဆင်းကောက်သည့် နအဖ ဌာနဆိုင်ရာဝန်ထမ်းများ ဝနယ်ခိုဆုန်ဂိတ်၌သောင်တင်နေစဉ် မဖွယ်မရာကိစ္စကြောင့် အချင်းချင်းခိုက်ရန် ဖြစ်ပွားသဖြင့် ဝ လုံခြံု ရေးတပ်မှ ဝင်ရောက်ဖြန်ဖြေပေးစဉ် စရဖ အရာရှိ တဦးကို ထိုးကြိတ် လိုက်ခြင်းဖြစ်ကြောင်း တရုပ်နယ်စပ်သတင်းက ဆိုပါသည်။
ဝ နယ်တွင်း သန်းခေါင်စာရင်း ဆင်းကောက်မည့်အဖွဲ့တွင် နေပြည်တော်မှ လာသည့် လဝက အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းမှ ဌာနပေါင်းစုံအင်အား ၄၃ ယောက်ရှိပြီး ဧပြီလ ၄ ရက်နေ့ကတည်းက ယနေ့ အထိ ဝ နယ်ထဲဝင်ခွင့်မရသေး ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက်ကျေးရွာတရွာတွင် သောင်တင်နေစဉ် အချင်းချင်းမဖွယ်မရာကိစ္စဖြစ်ပွါးပြီး စကားများ ကြရာမှ ခိုက်ရန်ဖြစ်ပွားကာ ဝ နယ်လုံခြံု ရေးအဖွဲ့ ဝင်ရောက်ဖြန်ဖြေပေးစဉ် ယခုကဲ့သို့ပြဿနာဖြစ်ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။
“သူတို့အဖွဲ့ထဲမှာ ကျောင်းဆရာမတွေပါတယ်၊ ဌာနပေါင်းစုံဘဲ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ဝအဖွဲ့ လာတိုးတော့ သူတို့တွေကို ဝင်တားတယ်။ အဲအချိန် စရဖ တဦးက ဝ တွေကို ဒါကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ တင်းတင်း မာမာ ပြောလိုက်တဲ့ အတွက် သူထိုး ကြိတ်ခံလိုက်ရတာ” ဟု ခိုဆုန်ရှိ ဝန်ထမ်းတဦးကပြောပါသည်။
“အဲကင်းလှည့်နေတဲ့ ဝ အရာရှိက တော်တော်စိတ်ဆိုးသွားတဲ့ပုံဘဲ၊ ဒါကျုပ်တို့ထိန်းချုပ်နယ်မြေ၊ ခင်ဗျားတို့ ပြင်ပဧရိယာ မှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ်ရဲလွင်ရဲ့လည်ကုတ် ကိုဆွဲပြီး ထိုးထဲ့လိုက်တယ်။ တခြား အဖွဲ့ တွေက ပြဿနာကြီးသွားမှာကို စိုးရိမ်တဲ့အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက် တယ်”ဟု ဆက်ပြောပါတယ်။
စရဖ ရဲလွင် ထိုးကြိတ်ခံရသည့်နေ့ တွင် ဝ ပြည်တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့်အခမ်းအနား မတိုင်ခင် တရက်ကဖြစ် ကြောင်း၊ ပွဲတော်အတွက် ဝ ဘက်က လုံခြံုရေးအထူးတင်းကြပ်ချိန်လည်းဖြစ်ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ဝ ထိန်းချုပ် ထားသည့်ရွာတွင်း ဒေသခံ နေအိမ်ထဲ ဖြစ်ခြင်းကြောင့် ဝ အရာ ရှိ ဝင်ရောက်ဖြန်ဖြေပေးခြင်းတာ ဖြစ်ကြောင်း ဆိုပါသည်။
ဌာနပေါင်းစုံ ဝန်ထမ်း ၄၃ ယောက်သည် အထက်အမိန့်အရ ဝ နယ်ထဲ သန်းခေါင်စာရင်းမကောက်ရမခြင်း နောက်တန်း ပြန်ခွင့်မရှိကြောင်း၊ ရှေ့တိုးဖို့လည်း နယ်ခြားစောင့် ဝ တပ်ဖွဲ့က ဌာနချုပ်အမိန့်မရသဖြင့် ဝ ထိန်းချုပ် နယ်မြေထဲဝင် လှုပ်ရှားခွင့် မရှိကြောင်း တားမြစ်ထားသဖြင့် ထိုအဖွဲ့ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်အခြေ အနေကြံုတွေ့နေရကြောင်း ဆိုပါသည်။
ဝ ထိန်းချုပ်နယ် မိုင်းပေါက်တွင်လည်း တပ်ကြပ်ကြီး အေးမင်း ဆိုသူ စရဖ (စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့) တယောက်သာ ဝ က နေခွင့်ပြုထားကြောင်း ဆိုပါသည်။ မိုင်းယန်းမြို့ (နအဖ ထိန်းချုပ်နယ်မြေ) နှင့် ခိုဆုန် ဝ နယ်ခြားဂိတ် (မိုင်းပေါက် တပ်မဟာ ၄၆၈ ဝ ထိန်းချုပ်နယ်မြေ) သည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်ကွာဝေးသည်။