ဧပြီ ၂၅ ရက် ကျိုင်းတုံတိုးချဲ့လေဆိပ် ဖွင့်ပွဲအခမ်းအနားတွင် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဝန်ကြီး အချို့ကို ကြိုဆိုရန် မနက် ၅ နာရီလေယာဉ်ကွင်းအရောက် ဒေသခံလူထုတို့ ဆင့်ခေါ်ခြင်းခံရသည်ဟု တာချီလိတ်ရောက် ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပြ၏။
“မြို့တွင်းမှာ တစ်ရပ်ကွက်ကို အယောက် ၄ဝဝ၊ မြို့ပြင်ဆိုရင် ကျေးရွာအုပ်စု တစ်စုကို အယောက် ၆ဝဝ ဆင့်ခေါ်ခံရတယ်။ လုပ်အားခမပေး၊ ထမင်းမကျွေး၊ ရေမတိုက်ဘူး။ ၅ နာရီ လေယာဉ်ကွင်းအရောက်သွားရမယ်ဆိုတော့ ၄ နာရီ မထိုးခင် ရွာသူကြီးအိမ်/ရပ်ကွက်ရုံးမှာ စုရတယ်။ ဝန်ချုပ်စောစောလာမယ် ထမင်းအဝစားလာခဲ့ ထုပ်လာစရာမလိုဘူးလို့ ရပ်ကွက် ဥက္ကဌကမှာတယ်။ မနက် ၉ နာရီ ထိုးခါနီးမှလာတော့ နေကလည်းပူ ထမင်းကလည်းငတ်၊ ဟိုရွှေ့ဒီရွှေ့လဲမရ တော့ တကွင်းလုံးကလူတွေ ညီးညူတောက်ခေါက်ကြတယ်” ဟု ၎င်းင်းကပြောပြ၏။
ဒေသခံလူထု၏လယ်မြေ အဓမ္မသိမ်းယူကာ လက်ရှိလေယာဉ်ကွင်းမှထပ်မံတိုးချဲ့တည်ဆောက်သော ကျိုင်းတုံလေယာဉ် ကွင်းဖွင့်ပွဲအခမ်းအနား၌ စစ်အစိုးရဝန်ကြီးချုပ်က “ နိုင်ငံတော်က ငွေကုန်ကြေးကျခံ၍တည်ဆောက်ပေးသည်”ဟုဆို သဖြင့် လယ်ယာအသိမ်းခံရသည့် သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့သူ/သားများဒေါသထွက်နေကြသည်ဟု ဆို၏။
“လူထုရဲ့လယ်မြေ သိမ်းယူပြီးဆောက်ထားတာကို ဝန်ကြီးချုပ်က “အရင်က လေယာဉ်ကွင်းကျဉ်းတော့ လူအယောက် ၄ဝ လောက်ဘဲတင်နိုင်တဲ့ ဖော်ကာလေယာဉ်ဘဲ ဆင်းနိုင်တယ်။ အခု နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး လေယာဉ်ကွင်း တိုးချဲ့ပြင်ပေးတော့ လူအယောက် ၉ဝ တင် ဂျက်လေယာဉ်ကြီး ဆင်းနိုင်တော့မယ်။ ဒါကို လူထုက ဝမ်းသာရမယ် - လို့ မိန့်ခွန်းပြောတယ်။ ပြောလဲပြောပြီးရော “အားရ ပါးရလက်ခုပ်တီးပေးကြပါ ” ဆိုပြီး စောင့်နေတဲ့ ပုလိပ်တွေ စစ်သားတွေ က ခိုင်းပြန်တော့ ကျိုင်းတုံလူထုတွေ ဒေါသထွက်နေကြတယ်” ဟု ဖွင့်ပွဲသွား တက်ရသည့် ၎င်းင်းကဆက်ပြောပြ၏။
ထိုနေ့က ကျိုင်းတုံမြို့ရှိ ကားကြီးကားငယ်အားလုံး ဆီဖိုးမရဘဲ ပွဲတက်ဖို့ ဆင့်ခေါ်ခံရသူ လူထုအား အသွားအပြန် သယ် ယူပို့ဆောင်ပေးခဲ့ရသည်ဟုလည်း အသက် ၄ဝ ကျော်ကျိုင်းတုံမှ ကားသမားတစ်ယောက်ကလည်းပြောပြ၏။
အနံပေ ၁၅ဝ၊ အလျား ပေ ၈ဝဝဝ ထပ်မံ တိုးချဲ့သော လေယာဉ်ကွင်းမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်ကြသော ကိန်းလိတ် ရွာတစ်ရွာလုံး ဖျက်သိမ်းခံရပြီး၊ ရွာသားများအား ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ဝမ့်နောင် အနီး (မကြာသေးမီက ဝမ့်ယန်းကုန်းရွာသား များထံမှ နအဖစစ်တပ်တို့သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေ ထိုင်ကြရသည်ဟုဆိုပါသည်။ ထို့အပြင် လေယာဉ်ကွင်းပတ်ဝန်းကျင်ရှိ ဝမ့်ဖွေးဟုန်း၊ ဝမ့်ယန်းခွယ်ရွာသားများ၏ လယ်မြေ တော်တော်များများကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုပါသည်။
ဧပြီလ နှောင်းပိုင်း ကချင်ပြည် နှင့် သျှမ်းပြည်ပေါင်းကူး ရွှေလီမြစ်ကူးကြိးတံတားဖွင့်ပွဲအခမ်းအနားသို့လည်း ၅ မြို့နယ်မှ ဒေသခံလူထုတက်ရောက်ရန်ဆင့်ခေါ်ခံခဲ့ရ၏။ ထိုစဉ်ကလည်း ပူပြင်းသည့်နေအောက် ပန်းပွားကသည့်ကလေးငယ်များ မနက်စာမစားရသည့်အတွက် မူးမေ့သည့်အဆင့်ရောက်ခဲ့ရသည်။