အပစ်ရပ်တို့ သက်တမ်း ကုန်ဆုံးပြီဟု စရဖ အရာရှိချုပ်ပြော

အပစ်ရပ်တို့ သက်တမ်း ကုန်ဆုံးပြီဟု စရဖ အရာရှိချုပ်ပြော
၁၉၈၉ မှ ယနေ့ အထိ နဝတ/နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော လက်နက်ကိုင် ငြိမ်းအဖွဲ့များအတွက် အပစ် ရပ်ကာလ သက်တမ်းကုန်ဆုံးပြီဟု စရဖ စစ်ဖက်ရေးရာလုံခြံုရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်ကပြောကြောင်း ၀ ထိပ်တန်းအရာရှိနှင့် နီးစပ်သော် ကုန်သည် အသိုင်းအဝိုင်းက ဆို ...

၁၉၈၉ မှ ယနေ့ အထိ နဝတ/နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော လက်နက်ကိုင် ငြိမ်းအဖွဲ့များအတွက် အပစ် ရပ်ကာလ သက်တမ်းကုန်ဆုံးပြီဟု စရဖ စစ်ဖက်ရေးရာလုံခြံုရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်ကပြောကြောင်း ၀ ထိပ်တန်းအရာရှိနှင့် နီးစပ်သော် ကုန်သည် အသိုင်းအဝိုင်းက ဆိုသည်။

ဧပြီ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၀ ကျော်ပါသည့် ၀ ပြည်သွေးစည်းရေးပါတီ/တပ်မတော် UWSP/ UWSA  ကိုယ်စားလှယ် တဦး နှင့် နီးစပ်သူ အမည်မဖေါ်လိုသည့် ကုန်သည်တဦးက “ဗိုလ်ချုပ်ရဲမြင့်နဲ့ သွားတွေ့တုန်းက သူတို့ကိုအရင်တုန်းကလို လက်နက်ချရမယ်၊ ကာကွယ်ရေး ဦးစီးချုပ်လက်အောက်နေရမယ်၊ နယ်ခြားကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းရမယ် စတာတွေ မပြောတော့ဘူး၊ လာမယ့် ဂျွန်လကုန် နောက်ဆုံးထားပြီးအကြောင်းပြန်ဖို့ ဒက်(ဒ်) လိုင်းပေးလိုက်တယ်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က အရင်ကနဲ့ မခြားနားပေမဲ့ ပြောပုံပြောင်းသွားတယ်။ ရွေးစရာလမ်းမရှိတော့ဘူးဆိုတဲ့သဘော” ဟု ဆိုပါသည်။

ဗိုလ်ချုပ်ရဲမြင့် ပြောဆိုသည့်အချက်များအနက် ၎င်း ပုဂ္ဂိုလ်မှတ်မိသည့်အချက်အလက်အချို့ကို သျှမ်းသံတော်ဆင့်သို့ မေ ၂ ရက် စနေနေ့က ဤကဲ့သို့ ပြောပြပါသည်။

-    လူသူလက်နက် တပ်ရင်း တပ်ဖွဲ့အင်အား  အားလုံး သတင်းပို့ရန်၊

-    စစ်အစိုးရထံမှ ပင်စင်ရယူရန်အတွက် တာဝန်မှရပ်နားမည့် သက်ကြီးပိုင်းအရာရှိများစာရင်းပေးပို့ရန်၊

-    တပ်ဖွဲ့စည်းပုံကို ခေတ်မှီတပ်မတော်အဆင့် တိုးမြင့်ရေးအတွက် စစ်အစိုးရတပ်မှပါ၀င်ကူညီရန်

-    လက်နက် ခဲယမ်း - လစာ စားနပ်ရိက္ခာများအားလုံး စစ်အစိုးရမှ တာဝန်ယူရန်၊

-    အထက်ဖေါ်ပြသည့် အချက်များ ဂျွန်လ နောက်ဆုံးထား၍ သတင်းပေးပို့ရန်၊

-    တပ်ပြန်လည်ဖွဲ့စည်းရေး ပြု ပြင်ပြောင်းလဲရေးကာလ ၆ လ သာ အချိန်ပေးနိုင်သည် - ဟု ဆိုပါသည်။

“တပ်ပြန်ဖွဲ့စည်းဖို့ ၆ လ ဘဲအချိန်ပေးတယ် ဆိုတာက ဂျွန်ကနေတွက်ရင် ဒီနှစ်ကုန်၊ အခုကနေတွက်ရင်တော့ အောက်တို ဘာ အထိပေါ့ဗျာ။ အပစ်ရပ်သက်တမ်းကာလ ကုန်ဆုံးပြီဆိုတော့ သူတို့သဘောအတိုင်း မလိုက်လျောရင် ပြန်ချတော့ မယ်ဆိုတဲ့သဘောဘဲ” ဟု ဆို၏။

ကန္တာရဝတီတိုင်းမ် KT သတင်းထုတ်ပြချက်အရ ကရင်နီပြည်တွင်လည်း ကလလသ KNPLF အပစ်ရပ်အဖွဲ့မှ စစ်အစိုးရထံ လူသူလက်နက် အင်အားစာရင်း ပေးပို့ထားပြီးဖြစ်သောကြောင်း၊ ဂျွန်လမှစ၍ စစ်အစိုးရထုတ်ပေးသည့် လစာများ ရရှိမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်ကလည်း၂၀၀၈ သြဂတ်စ် နောက်ဆုံးထားပြီး ငြိမ်းအဖွဲ့များ လက်နက်ချရန် ကာကွယ်ရေး ဦးစီးချုပ်အောက်နေရန် စစ်အစိုးရ ဒက်(ဒ်) လိုင်းပေးခဲ့ဖူးသော်လည်း ယနေ့အထိ ရည်မှန်းချက် အစီအစဉ် မအောင်မြင်ကြောင်း၊ အခုလည်း ၎င်းပုံစံ အတိုင်း ဆက်သွားနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်ကြပါသည်။