စည်းရုံးရေးဆင်းသည့် ၀န်ချုပ်ကို ဖုန်းတိုင်ဖြုတ် ကြိုဆိုခိုင်း

စည်းရုံးရေးဆင်းသည့် ၀န်ချုပ်ကို ဖုန်းတိုင်ဖြုတ် ကြိုဆိုခိုင်း
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူးကျေးရွာအုပ်စု၌ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာရောက် လည်ပတ်ကြည့်ရှုမည်ဟုဆိုကာ ထိုင်းလက်ကိုင်ဖုန်းတိုင်များ ဖြုတ်ပစ်ရန်ဒေသခံအာဏာပိုင်တို့ အမိန့်ထုတ် ...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူးကျေးရွာအုပ်စု၌ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာရောက် လည်ပတ်ကြည့်ရှုမည်ဟုဆိုကာ ထိုင်းလက်ကိုင်ဖုန်းတိုင်များ ဖြုတ်ပစ်ရန်ဒေသခံအာဏာပိုင်တို့ အမိန့်ထုတ်သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် သံလွင်အရှေ့ခြမ်းသို့ စည်းရုံးရေးဆင်းသည့် ကျိုင်းတုံတာချီလိတ်ရောက် နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် နားကောင်းမူးဘက် လှည့်လာမည်ဖြစ်သဖြင့် ထိုင်းလက်ကိုင်ဖုန်းအသုံးပြု သည့်အိမ်များအား ဖုန်းတိုင်ဖြုတ်ပစ်ရန် အာဏာပိုင်များ ဆင့်ဆိုအမိန့်ထုတ်ခြင်းဖြစ်သည်။

၎င်းနှင့် ပတ်သက်၍ နားကောင်းမူးဒေသခံ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက “အိမ်ခေါင်မိုးမှာထောင် ထားတဲ့ လက်ကိုင် ဖုန်းတိုင်တွေကိုဖြုတ်ခိုင်းတာ။ ၀န်ကြီးချုပ်ပြန်သွားမှ ပြန်သုံးခွင့်ရဖို့မြို့နယ် ဆက်သွယ်ရေးရုံးကို စာတင်ရမယ်တဲ့။ ခွင့်မတောင်းဘဲသုံးတဲ့သူတွေ့ရင် အရေးယူခံရမယ်လို့ပြောတယ်” ဟုဆို၏။

ဖုန်းတိုင်များဖြုတ်သိမ်းခြင်းကြောင့် ကူးသန်းရောင်းဝယ်ရေးရော ဆက်သွယ်ရေးပါ အခက်အခဲဖြစ်ရသည်ဟု ၎င်းက ဆက်ပြော ပြ၏။

“ဖုန်းမသုံးရတော့ အရောင်းအဝယ်ကိစ္စမှာ တော်တော်လေးအခက်အခဲဖြစ်ရတယ်။ နောက်တစ်ခု တာချီလိတ်ဘက် ထိုင်း ံဘက်ရောက်နေတဲ့သားသမီး၊ ညီအစ်ကိုမောင်နှမတွေ ဆွေမျိုးတွေဆီ ဆက်သွယ်လို့မရတော့ဘူး။ အဘက်ဘက်ကထိ ခိုက်တယ်” ဟုဆို၏။

နားကောင်းမူးသို့ဝန်ကြီးချုပ်လာမည့်ကိစ္စ အတိအကျမသိရသော်လည်း မိုင်းယန်းဘက်ကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေးဆင်းရန်သာဖြစ်နိုင်ကြောင်း၊ တဖက်တလှမ်းကလည်း မိုင်းတုံ၊ နားကောင်းမူး၊ ပုံပါကျင်၌ ရွေးကောက်ပွဲရုံ ကြီးကြပ် ရေးကော်မတီအဖြစ် ရုံးဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ ရွေးချယ်ဖို့ ယာထားပြီး ဖြစ်ကြောင်း ပုံပါကျင်မှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတစ်ဦး ကလည်းပြောပြသည်။

ထိုင်းလက်ကိုင်ဖုန်းကို ထိုင်းနယ်စပ် တချို့မြို့နယ်များတွင် တိုင်ထောင်စရာမလိုဘဲလိုင်းကြည်လင်စွာ သုံးနိုင်သော်လည်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူးကျေးရွာအုပ်စုတို့၌ တိုင်ထောင်၍ အသုံးပြုရကြောင်း သိရပါသည်။

Most read this week