၂၀၁၀ ထောက်ခံမဲရရေး ဗိုလ်သိန်းစိန် လိုင်းဖုန်းနှင့် မျှားခေါ်နေ

၂၀၁၀ ထောက်ခံမဲရရေး ဗိုလ်သိန်းစိန် လိုင်းဖုန်းနှင့် မျှားခေါ်နေ
ယခုလနှောင်းပိုင်း၌ နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် ကျိုင်းတုံ - မိုင်းယန်းသို့ခရီးထွက်စဉ် “လူထု အတွက်လိုင်းဖုန်း ရာချီချ ပေးမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာနိုင်ငံတော်အကျိုးပြုတဲ့ ပါတီကိုသာထောက်ခံမဲပေးရမယ်” ဟုဌာနပေါင်း စုံဝန်ထမ်း နှင့် လူထုကိုစည်းရုံးရန် သက်ဆိုင်ရာအာဏာပိုင်များကို မိန့်မှာ ...

ယခုလနှောင်းပိုင်း၌ နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် ကျိုင်းတုံ - မိုင်းယန်းသို့ခရီးထွက်စဉ် “လူထု အတွက်လိုင်းဖုန်း ရာချီချ ပေးမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာနိုင်ငံတော်အကျိုးပြုတဲ့ ပါတီကိုသာထောက်ခံမဲပေးရမယ်” ဟုဌာနပေါင်း စုံဝန်ထမ်း နှင့် လူထုကိုစည်းရုံးရန် သက်ဆိုင်ရာအာဏာပိုင်များကို မိန့်မှာခဲ့ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ဧပြီ ၂၅ ရက်က သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်နှင့်အတူ ကျိုင်းတုံမှ မိုင်းယန်းသို့ ဟတ်စကီးဖြင့် ထွက်လာရာ မိုင်းယန်းရှိဌာနပေါင်းစုံဝန်ထမ်းများ၊ ရပ်ကွက်ကျေး ရွာအကြီးအကဲများကို အစည်းအဝေးတရပ် ဆင့်ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြောဆိုတိုက်တွန်း မှုများရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ၀န်ထမ်းတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“မိုင်းယန်း လူထုအတွက် တယ်လီဖုန်း(လိုင်းဖုန်း) အလုံး ၂၀၀ ချပေးမယ်လို့ပြောတယ်။ မိုင်းယန်းမြို့နယ် လူထုအားလုံး နိုင်ငံတော်အတွက် အကျိုးပြုတဲ့ ပါတီကိုသာ ထောက်ခံမဲပေးဖို့ဒေသခံ ပြည်သူထဲ စည်းရုံးရေးဆင်းရမယ်လို့ လဲပြော သွားတယ်” ဟု ဟုဆို၏။

မိုင်းယန်းမြို့ဒေသခံများမှာ စျေးသက်သာပြီး အဆင်ပြေစွာ ခေါ်ဆိုဆက်သွယ်နိုင်သည့် တရုပ်လက်ကိုင် ဖုန်းများ ကိုင်တွယ် အသုံးပြုနေပြီဖြစ်နေကြောင်း၊ ခေါ်ဆိုဆက်သွယ်ရခက်ခဲသည့် စစ်အစိုးရ၏ လက်ကိုင်ဖုန်း/လိုင်းဖုန်းများကို စိတ်မဝင်စားကြ   ကြောင်းပြောသည်ဟုဆို၏။

လိုင်းဖုန်းတလုံး ကာလပေါက်စျေး ကျပ် ၂၃ သိန်း၊ GSM လက်ကိုင်ဖုန်း ၁၉ သိန်းရှိကြောင်း၊ စစ်အစိုးရချပေးသည့် ဖုန်းခကျပ် ၁၀ သိန်းကုန်ကျမည်ဟု ဆိုသော်လည်း တပ်ဆင်ပြီးစီးသည့်အထိ ပြင်ပစျေးနှင့်မခြားနားကြောင်း၊ တာချီလိတ် ဒေသခံတဦးက “အစိုးရချပေးရင် ၀န်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဘဲ၊ ဖုန်းရတဲ့ဝန်ထမ်းတွေက ပြင်ပပေါက်စျေးနဲ့သူများကို ပြန်ရောင်းပေးတယ်” ဟုဆိုသည်။

“အခု ၀န်ကြီးချုပ်ပြောသွားတဲ့စကားအရဆိုရင် စစ်အစိုးရအလိုမကျတဲ့ပါတီကို ထောက်ခံမဲမပေးဖို့၊ မဆလ ကနေဆင်း သက်လာတဲ့ တစညပါတီ ဒါမှမဟုတ် ကြံ့ဖွတ်ကနေအသွင်ပြောင်းလာတဲ့ပါတီ တို့ကိုသာ ထောက်ခံမဲပေးကြပါ ဆိုတဲ့ သဘောဘဲ” ဟု အမည်မဖေါ်လိုသည့် ကျိုင်းတုံမြို့ခံ ၀န်ထမ်းတဦးကလဲဆိုသည်။

ရန်ကုန်ရောက်ကျိုင်းတုံအမျိုးသားတဦးကလည်း လတ်တလော၌ စစ်အစိုးရ၏ ရှေ့နေများ ရွေးကောက်ပွဲဥပဒေဆိုင်ရာ အချက်အလက်များဖုတ်ပူမီးတိုက်ရေးဆွဲနေကြကြောင်း၊ နိုင်ငံရေးပါတီဖြစ်လာမည့် ကြံ့ဖွတ် လူမှုရေးအသင်း၏ လမ်း၊ တံတား စီမံကိန်းများတွင်အသုံးခဲ့သည့် ငွေရေးကြေးရေးအကြောင်းပြချက်ဖြင့် ပါတီထူထောင်ရေး၊မဲဆွယ်စည်းရုံးရေးတို့ တွင် ငွေကြေး ဖေါဖါသီသီ သုံးဖြုန်းနိုင်ရန်လမ်းဖွင့်ပေးထားကြောင်း၊ စစ်အစိုးရအသုံးစရိတ်ကို တောက်လျှောက် သုံးစွဲလာသည့် ကြံ့ဖွတ် အသင်း နိုင်ငံရေးပါတီအသွင်ပြောင်းလျှင် အမည်သုံးခုဖြင့်ခွဲပြီး ပါတီထောင်နိုင်ဖွယ်ရှိကြောင်း ပြောဆိုပါသည်။