၀ ပြည်အနှစ် ၂၀ ပြည့်အခမ်းအနား စစ်အစိုးရထိပ်ပိုင်း မတက်ရောက် - စိတ်မကောင်းမိကြောင်း ၀ တပ်မှူးပြော

၀ ပြည်အနှစ် ၂၀ ပြည့်အခမ်းအနား စစ်အစိုးရထိပ်ပိုင်း မတက်ရောက် - စိတ်မကောင်းမိကြောင်း ၀ တပ်မှူးပြော
ယခုလ ၁၅ ရက်မှ ၁၈ ရက်အထိ ၀ဌာနချုပ် မြို့တော်ပန်ဆန်း၌ ၀ ပြည်ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ ပြည့်အခမ်းအနားကျင်းပ ခဲ့ရာ အခမ်းအနားကို  စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များမတက်ရောက်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၀တပ်မှူး တဦးက ဆို ...

ယခုလ ၁၅ ရက်မှ ၁၈ ရက်အထိ ၀ဌာနချုပ် မြို့တော်ပန်ဆန်း၌ ၀ ပြည်ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ ပြည့်အခမ်းအနားကျင်းပ ခဲ့ရာ အခမ်းအနားကို  စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များမတက်ရောက်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၀တပ်မှူး တဦးက ဆိုသည်။

“အရှေ့မြောက်ပိုင်းတိုင်း တန့်ယန်းမြို့အခြေစိုက် ဒကစမှူး ဗိုလ်မှူးကြီးအဆင့်၊ နောက် ပြီးလားရှိုး နဲ့ ကျိုင်းတုံက ဂျီဝမ်း ဒုဗိုလ်မှူးကြီး အဆင့်လောက်ဘဲ ပွဲတော်လာတက်တယ်။ ကြည့်ရတာက စစ်အစိုးရက ကျနော်တို့ကို အပေါင်းအသင်း သိပ်မလုပ်ချင်တော့လို့ အဆင့်လျှော့လိုက်တဲ့သဘောဘဲ” ဟုဆို၏။

အဆိုပါအခမ်းအနားတွင် ၀ တပ်သား ၃၀၀၀ နီးပါး စစ်ရေးပြချီတက်ပြီး၊ ဥက္ကဌကြီးပေါက်ယူချန်းက မိန့်ခွန်ပြောကြား ကြောင်း၊ ငြိမ်းအဖွဲ့နှင့် အခြားဧည့်သည်များ ၃၀၀၀ ကျော် အပါအဝင် ပွဲတက်သူ ပရိတ်သတ်အားလုံးစုစုပေါင်း ၃၀,၀၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ ၁၉၉၉ ခုနှစ်၌ ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပစဉ်က ဗိုလ်ချုပ်ခင်ညွန့်နှင့် ၀န်ကြီး အဆင့် များ ပွဲတော်တက်ရောက်သည်ဟုဆို၏။ သို့သော် ၀ တပ်ဖွဲ့အပေါ် စစ်အစိုးရ ယခုဘာကြောင့် ဤကဲ့သို့ပြောင်းလဲဆက်ဆံ သည်ကိုလည်း အဆိုပါ၀တပ်မှူးက ဆက်၍ သုံးသပ်ပြ၏။

“ကျနော်တို့ငြိမ်းချမ်းရေး စလုပ်ကတည်းက ကျနော်တို့ ဌာနချုပ်မှာ မြန်မာအစိုးရနဲ့ဆက်ဆံဖို့ စခန်းရုံးတခုပေးဖွင့်ဖို့ သဘောတူထားတယ်။ ဧည့်သည်အဝင်အထွက်စစ်ဆေးဖို့ပေါ့။ ကိုင်ဆောင်တဲ့လက်နက်ကိုလည်း အကန့်အသတ်နဲ့ ခွင့်ြုပထားတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မပြောမဆို ဗိုလ်ချုပ်ရဲမြင့်နဲ့အဖွဲ့က လက်နက်ကြီးတွေတင်ဆောင် လာတော့ ကျနော်တို့ဘက်က ဖြုတ်သိမ်းထားလိုက်ရတယ်။ ပြောဆိုဆွေးနွေးမှုမရှိ၊ သဘောတူညီမှုမရှိဘဲ ကျနော်တို့ နယ်မြေထဲ လက်နက်ခိုးသွင်းတဲ့ အတွက် သူတို့ပြန်တောင်းလဲ ကျနော်တို့ပြန်မပေးနိုင်ဘူး။ ဒါကြောင့်သူတို့ မကျေနပ်တာ လဲဖြစ်နိုင်တယ်” ဟုဆို၏။

နအဖ - ၀ သဘောတူညီချက် နှင့်စပ်လျဉ်း၍ ကျူလားလုံးကွန်း တက္ကသိုလ် ပါမောက္ခ ဝေါရဆက် မဟတ်ဆနိုဘွန်း ကလည်း ၀ဌာနချုပ် ပန်ဆန်းတွင်ထားမည့် နအဖ ကိုယ်စားလှယ်ဦးရေ နှင့် ကိုင်ဆောင်သည့် လက်နက်အမျိုးအစား အရေအတွက်ကို ၀ ဘက်မှ သတ်မှတ်ခွင့်ရှိကြောင်း ၂၀၀၂ ချိန်းမိုင် ကွန်ဖရင့်တခုတွင် ထုတ်ဖေါ်ပြောခဲ့ဘူးသည်။

၀ ဌာနချုပ် ပန်ဆန်းမြို့လည် တောင်ကုန်းတခု၌ စစ်အစိုးရစစ်အင်အား ၄၀ ခန့်နှင့် ဌာနဆိုင်ရာဝန်ထမ်း ၈၀ ခန့် ရုံးစိုက်နေ ထိုင်ကြောင်း၊ မြို့အဝင်အထွက်စစ်ဆေးခံရသော်လည်း စစ်အစိုးရ၏ စစ်စခန်းရုံးတွင်းတွင် လွတ်လပ်စွာ သွားလာ နေထိုင်ခွင့် ရှိကြောင်းဆိုပါသည်။ “အဲဒီစခန်းက စစ်အစိုးရနဲ့ကျနော်တို့ကြား သံရုံးသဖွယ်ပေါ့ဗျာ” ဟု ထိုတပ်မှူးက ဆက်ပြောပါသည်။

၀ ပြည်ငြိမ်းချမ်းရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင် UWSP /UWSA ဥက္ကဌ ပေါက်ယူချန်း က ၀ဒေသ သည် မူးယစ်ကင်းစင်သည့်ဒေသဖြစ်ကြောင်း၊ ၀ပြည်ငြိမ်းချမ်းသာယာဝပြောရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအချင်းချင်း စည်းစည်းလုံးလုံးနှင့် လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စစ်အစိုးရနှင့် မတူသည့်သဘောထားများကို ငြိမ်းချမ်းသောနည်းလမ်းနှင့်ညှိယူ သွားမည်ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်း များနှင့်သွားလာဝင်ထွက်ပေါင်းသင်းဆက်ဆံလိုပြီး မည်သူနှင့်မှ ရန်သူသဖွယ် မဆက်ဆံလိုကြောင်း ပြောပါသည်။