ဗမာစကား မတတ်သည့် ကျေးလက် သျှမ်းပြည်သားများ ခရီးသွားခက်ခဲ

ဗမာစကား မတတ်သည့် ကျေးလက် သျှမ်းပြည်သားများ ခရီးသွားခက်ခဲ
သျှမ်းပြည်မြို့တော်တောင်ကြီး  မှ ကွန်ဟိန်း - မိုင်းပြင်း - ကျိုင်းတုံ - တာချီလိတ် ပြေးဆွဲနေသည့် အမြန် ယာဉ်ငယ် ကားသမားများ ဗမာစကားမတတ်သည့် ကျေးလက် သျှမ်းပြည်သားများကို တင်ဆောင်ရန် ဝန်လေးနေကြကြောင်း ထိုင်းနယ်စပ် သတင်းရပ်ကွက်က ဆို ...

သျှမ်းပြည်မြို့တော်တောင်ကြီး  မှ ကွန်ဟိန်း - မိုင်းပြင်း - ကျိုင်းတုံ - တာချီလိတ် ပြေးဆွဲနေသည့် အမြန် ယာဉ်ငယ် ကားသမားများ ဗမာစကားမတတ်သည့် ကျေးလက် သျှမ်းပြည်သားများကို တင်ဆောင်ရန် ဝန်လေးနေကြကြောင်း ထိုင်းနယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်ဒေသအသီးသီးမှ ကျိုင်းတုံသို့ အသက် ၂၅ နှစ်ပြည့်လျှင် သွားလာရန် လွယ်ကူသော်လည်း ဂိတ်စောင့် အာဏာပိုင်များက ထိုင်းနိုင်ငံသွားမည်ဟု သံသယရှိလျှင် ထောင်ဂဏန်းမှ သောင်း သိန်းအထိ ပိုက်ဆံတောင်း ငွေ ညှစ်ယူကြောင်း၊ ကျိုင်းတုံ မှ တာချီလိတ်သို့ဆက်မည့် ခရီးသည်များ ဗမာစကားနားမလည်/မပြောတတ်လျှင် အာဏာပိုင်များက ပြဿနာရှာတတ်သောကြောင့် ကားသမားများ မတင်ဝံ့ကြောင်း ခရီးသွားတဦးက ဆိုပါသည်။

“ဗမာစကားမတတ်ရင် တာချီလိတ်မြို့ မယန်းဂိတ်မှာ ဖြတ်သန်းလို့မရဘူး။ အဓိက မှတ်ပုံတင်ကိုင်ပြီး ဟိုစစ်ဒီစစ် လုပ်နေတာက လဝကဘဲ။ ဟိုမေးဒီမေးလို့ အူကြောင်ကြောင်နဲ့ ပြန်မဖြေတတ်ရင် ထိုင်းကိုသွားမယ့်လူတွေ၊ ရုံး တင်တရားစွဲမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုပြီး ကားပေါ်က နေဆွဲချတယ်။ အဓိက ပိုက်ဆံရဖို့ပါဘဲ။ အနည်းဆုံး တယောက် ၅ဝဝဝ ကျပ်တော့ပြေးမလွတ်ဘူး”

ကျိုင်းတုံရောက်လျှင် ကားဆရာက တယောက်ချင်းစီ ခေါ်ယူမေးမြန်းကြောင်း၊ ဗမာစကားမတတ်လျှင် တာဝန်မယူရဲ ကြောင်း၊ သို့သော် ကားခလဲ ပြန်မပေးဟုဆိုပါသည်။ “မှတ်ပုံတင်ရှိသားနဲ့  ဘာကြောင့်မတင်ရဲတာလဲ” ဟုခရီးသွား တယောက်က ကားဆရာအားမေးသည့်အခါ၊ ကားဆရာက “ဂိတ်စောင့် အာဏာပိုင်တွေ ဟိုမေးဒီမေး မေးရင်သူတို့ မဖြေတတ်ဘူး၊ ကျနော့်စီးပွားရေးပါ ထိခိုက်မှာစိုးလို့ပါ” ဟုဆိုပါသည်။

“သျှမ်းပြည်ထဲမှာ သျှမ်းပြည် တိုင်းရင်းသားတိုင်းကို လွတ်လပ်စွာခရီးသွားလာခွင့်ပေးသင့်တာပေါ့၊တကယ်လို့ သျှမ်း ပြည်ထဲမှာ ဗမာတွေ သျှမ်းစကားမတတ်လို့ သွားလာခွင့်ပိတ်ပင်တယ်ဆိုရင်ဟုတ်သေးတယ်” ဟု အသက် ၄ဝ ကျော် ထိုခရီးသွားတဦးကဆို၏။

တာချီလိတ်မြို့တွင်လည်း ခရီးသွားများ အထုတ်အပိုးနှင့် သွားလာတာတွေ့လျှင် ဒေသခံအာဏာပိုင်များက လိုက်လံ စစ်ဆေးမေးမြန်းကြောင်း၊ ထိုင်းဘက်ခြမ်းအာဏာပိုင်များထက် ပိုတင်းကျပ်ကြောင်း၊ အဓိက ပိုက်ဆံတောင်း ငွေညှစ် လိုတာဖြစ်ကြောင်း၊ အသက် ၂၅ နှစ်အောက် အမျိုးသမီးများ ထိုင်းဘက်ခြမ်းကူးခွင့်မြုပဟု ပိတ်ပင်ထားသော်လည်း သံလွင်မြစ်မကူးခင် တာကော့ဂိတ်၊ ကျိုင်းတုံမြို့ အထွက်ဂိတ်များမှာ ဂိတ်ဖြတ်သန်းခွင့်အတွက် ပိုက်ဆံသောင်းချီပေးခဲ့ ရတာကိုတွေ့ရကြောင်း အဲဒီခရီးသွားကဘဲ ဆက်ပြောပါသည်။ တာချီလိတ်မယန်းဂိတ်မှာ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးရုံးကို ကျပ်ငွေငါးသောင်း တိတိအနည်းဆုံးပေးလျှင် လူတိုင်းရှောရှောရှူရှူ ဂိတ်ဖြတ်သန်းနိုင်ကြောင်း ၎င်းက ဆို၏