သျှမ်းဒီချုပ်အား ထောင်ဝင်စာ သွားတွေ့ရန် မိသားစုများ အခက်တွေ့

သျှမ်းဒီချုပ်အား ထောင်ဝင်စာ သွားတွေ့ရန် မိသားစုများ အခက်တွေ့
ခရီးစရိတ်အဆမတန်များပြားမှု၊ ခရီးလမ်းဝေးကွာလွန်းမှုတို့ကြောင့် ကချင်ပြည်နယ်ပူတာအိုအကျဉ်းထောင်၌ အကျဉ်း ကျနေသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦးအား ထောင်ဝင်စာလတိုင်းသွားရောက် တွေ့ဆုံရန် မိသားစုဝင် များအခက်အခဲကြံု တွေ့နေရ ...

ခရီးစရိတ်အဆမတန်များပြားမှု၊ ခရီးလမ်းဝေးကွာလွန်းမှုတို့ကြောင့် ကချင်ပြည်နယ်ပူတာအိုအကျဉ်းထောင်၌ အကျဉ်း ကျနေသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦးအား ထောင်ဝင်စာလတိုင်းသွားရောက် တွေ့ဆုံရန် မိသားစုဝင် များအခက်အခဲကြံု တွေ့နေရသည်ဟု မိသားစုနှင့်နီးစပ်သူနှစ်ဦးက ဆိုသည်။

“လတိုင်းသွားတွေ့ဖို့က အခက်အခဲဖြစ်တာပေါ့။ အန်တီက တယောက်ထဲသွားလည်းမဖြစ်ဘူး။ ဥပမာ ထောင်ဝင်သွားတွေ့ဖို့ ခရီးတခေါက်ထွက်ရင် တယောက်စာ ၂ သိန်းခွဲကုန်တယ်ထားပါတော့။ အန်တီက အဖေါ်တယောက်ခေါ်ရတော့ ၂ ယောက် အတွက်ဆို ၅ သိန်းကုန်တယ်။ သားသမီးတွေကလည်း အိမ်မှာ မရှိဘူး ဆိုတော့ တလတခါသွားတွေ့ဖို့အရမ်းခက်တယ်”ဟု ဆိုပါသည်။

ဦးခွန်ထွန်းဦးသည် ထောင်ထဲ၌ တဦးတည်းနေရသော်လည်း ကျန်းမာရေးအတွက် တနေ့လျှင် တနာရီတာ လမ်းလျှောက် ခွင့်ရှိပြီး၊ ရေဒီယိုနားထောင်ခွင့်မရ။ စာဖတ်ခွင့်ရသော်လည်း စစ်အစိုးရဝါဒဖြန့်စာပေများသာ အာဏာပိုင်များခွင့်ပြုသည်ဟု ပြောပြပါသည်။

“အခု သွေးချို ဆီးချို သွေးတိုး ရောဂါ သူခံစားနေရတယ်။ သဘောတရားလောက်ဘဲ ဆေးစစ်ပေးတယ်၊ ပြင်ပအထူး ကု တွေနဲ့တွေ့ဖို့ကမလွယ်ဘူး။ ရုတ်တရက်သွေးတိုးလာရင်တော့ အရမ်းစိုးရိမ်ရတာပေါ့၊ အသက် လည်းကြီးပြီလေ” - ဟု မိသားစုဝင်တဦးက ပြောပါသည်။

အသက် ၆၆ နှစ်အရွယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးအား စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု ပြည်ထောင်စုဖြိုခွဲမှု မတရားအသင်းဖွဲ့မှု စသဖြင့် ပြစ်မှု ၁၂ ခု စွဲချက်တင်ပြီး ၂ဝဝ၅ မှစ၍ ထောင်ဒဏ် ၉၃ နှစ် ပြစ်ဒဏ်ပေးခဲ့ပါသည်။

SNLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦး အား စစ်အစိုးရပေးသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နိုင်ငံတော်ပုန်ကန်မှုအမှုတွဲသည် မြန်မာနိုင်ငံဥပဒေများနှင့် ကိုက်ညီခြင်း မရှိဟု တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့က မတ်ချ် ၂၄ ရက်ကဆုံးဖြတ်ချက် ချပါသည်။ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း စစ်အစိုးရ ကို ရှုပ်ချပြီး  ကုလဆုံးဖြတ်ချက်အပေါ်ထောက်ခံသည့် ကြေငြာချက်ကို မတ်ချ် ၂၅ ရက်နေ့က ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။

လက်ရှိစစ်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူထုရွေးကောက်တင်မြောက်သည့် အစိုးရတရပ် မ ဟုတ်သောကြောင့် ပြစ်မှုဆိုင်ရာဥပဒေနှင့် ပြဌာန်းထားသည့် ပြည်တွင်းဥပဒေပြဌာန်းချက်ကို ဖောက်ဖျက် တာဖြစ်သည်ဟု AHRC  ခေါ် အာရှ လူ့အခွင့်အရေးကော်မရှင် ကလည်းဆို၏။