မြို့စျေးဆင်းသည့် ပအိုဝ်းရွာသားများအပေါ် နအဖစစ်သားငွေညှစ်

မြို့စျေးဆင်းသည့် ပအိုဝ်းရွာသားများအပေါ် နအဖစစ်သားငွေညှစ်
လဲချား အခြေစိုက်တပ်ရင်းမှ နအဖ စစ်သားများ မိုင်းကိုင်မြို့ အနောက်ဘက်၌ နယ်လှည့်စခန်းချပြီး မြို့ထဲဆင်းသည့် တောင်ပေါ်မှ ကျေးလက် လူထုအပေါ် ပိုက်ဆံများ ညှစ်ယူနေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ဆို ...

လဲချား အခြေစိုက်တပ်ရင်းမှ နအဖ စစ်သားများ မိုင်းကိုင်မြို့ အနောက်ဘက်၌ နယ်လှည့်စခန်းချပြီး မြို့ထဲဆင်းသည့် တောင်ပေါ်မှ ကျေးလက် လူထုအပေါ် ပိုက်ဆံများ ညှစ်ယူနေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။

မတ်လ နှောင်းပိုင်းက လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာလင်း ဦးဆောင်သည့် အင်အား ၂ဝ-၃ဝ ပါ စစ်ကြောင်း တကြောင်းသည် မိုင်းကိုင် အနောက်ဘက်သို့  စစ်ကြောင်း လှည့်လည်စဉ် ကုန်းကန်ရွာ၌ ဂိတ်စခန်း ထောင်ပြီး တောင်ပေါ်မှ မိုင်းကိုင်မြို့သို့ စျေးဆင်းဝယ်သည့်  (ကောင်းဖယ်ရွာနှင့် နောင်ဟွယ်ရွာ) ပအိုဝ်း နှင့် သျှမ်း ရွာသားများ အပေါ် ပိုက်ဆံသောင်းချီ ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု ဆို၏။

ဒေသခံတဦးက “တောင်ပေါ် ကျေးလက်လူထု မြို့ထဲစျေးသွားရင် ဘိန်းတွေ သယ်သွား ရောင်းတတ်တယ်ဆိုပြီး စွပ်စွဲရှာ ဖွေတယ်။ မြို့စျေးက အပြန် ရွာသားတွေ ဝယ်လာတဲ့ ဆေးဝါး၊ ဓါတ်ခဲ၊ အခြားအသုံး အဆောင်ပစ္စည်း တွေ့မိရင် သူပုန် တွေကိုသွားထောက်ပံ့ဖို့ ဝယ်တာဖြစ်ရမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်ပြန်ရော” ဟုဆို၏။

မိုင်းကိုင်မြို့မှ ခေတ်ပညာတတ် လူငယ်တဦးကလည်း - “တခါတလေ ဗမာစကား မပြောတတ်တဲ့သူနဲ့တွေ့ရင် ထိုးနှက် ကန်ကျောက်တယ်။ သူပုန်လို့ငြိုးတယ်။ အူကြောင်ကြောင် အတတ လုပ်ရင်တော့ ပိုက်ဆံတွေ့ရင် အကုန်ယူတာဘဲ” ဟု ဆို၏။

မတ်ချ် ၂ဝ ရက်နေ့မှစ၍ ယနေ့အထိ အဆိုပါ စစ်ကြောင်း အား ပိုက်ဆံ ပေးရသည့် သျှမ်း၊ ပအိုဝ်းရွာသား ၁ဝ ဦးကျော် ရှိပြီဖြစ်ကြောင်း၊ တယောက်လျှင် အနည်းဆုံး ကျပ် ၂ဝဝဝ မှ ၅ဝဝဝ အထိ ပေးခဲ့ရကြောင်း၊ ယခင်က နှင့်မတူဘဲ ဗမာစကား မတတ်ကျွမ်းသည့် ရွာသားများ မြို့ထဲဆင်းရန် အခက်အခဲကြံုနေရကြောင်း သိရပါသည်။