ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးရေး အရှိန်အဟုန်မြင့်တင်ရန် တွန်းအားပေးသည့် အစည်း အဝေးပွဲတစ်ခုကို ယနေ့ ဗန်းမော်မြို့အဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးမှူး ဦးလှရွှေနေအိမ်တွင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ် (စည်း) နှင့် ဗန်းမော်မြို့နယ် (စည်း) ရပ်ကျေး (စည်း) များတို့ တွေ့ဆုံ ခဲ့ကြပြီး ဗန်းမော်မြို့နယ်တွင် စည်းရုံးရေး အားနည်းနေသည့့်အတွက် စည်းရုံးရေး အရှိန်အဟုန်မြင့်ပြီး ရပ်ကျေးများ ဆင်းရန် အဓိကရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း ပြည်နယ်အတွင်းရေးမှူး ဦးတင်ဝယ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။
ကချင်ပြည်နယ်မှ ဖါးကန့် မိုးကောင်း ရွှေကူ ဗန်းမော် မိုးညှင်း စသည့် NLD ပါတီဝင်မြို့နယ် (စည်း) နှင့် ရပ်ကျေး(စည်း) များ ပါ၀င်တက်ရောက်ခဲ့ကြကြောင်း ပြည်နယ်အဖွဲ့ချုပ် နာယက ကလည်းပြောသည်။
“ဒီမှာတက်ရောက်တာတော့ မြို့နယ်စည်းတွေနဲ့ ရပ်ကျေးစည်းတွေပေါ့ဗျာ မြို့နယ်ကဘယ်ကလာသလဲဆိုတော့ ဖါးကန့်၊ မိုးကောင်း၊ ရွှေကူ၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားကတော့မလာနိုင်ဘူး အဲဒီတစ်မြို့ ပဲကျန်တယ် ” လို့ ပြည်နယ် အဖွဲ့ချုပ် နာယက ကပြောသည်။
အစည်းအဝေးပွဲတွင် အဖွဲ့ချုပ်ဗဟိုမှထုတ်ပြန်ထားသည့် ၁ဂ/၀၈-၀၉ အထူးကြေငြာချက် ၂/၀၂-၀၉ ၊ ၃/၀၂-၀၉၊၄/၀၂-၀၉ ကြေငြာချက်များအပြင် အတင်းအဓမ္မလုပ်အားပေးခိုင်းစေသည့်ကိစ္စများ လယ်သမားများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ရှင်းလင်းခဲ့ကြောင်း ဦးတင်ဝယ်က ပြောသည်။
၄င်းအပြင် ဆုံးဖြတ်ချက်(၃)ချက်ကိုလည်း ချမှတ်ခဲ့ကြောင်း အခုလို ပြောသည်။
“တစ်က ၁၉ ရက် ၃ လ၂၀၀၉ ရက်စွဲကထုတ်ပြန်တဲ့ ဗဟိုအလုပ်အမှုဆောင်များဖြစ်တဲ့ ဦးတင်ဦးနဲ့ အထွေအထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံးလွတ်ပေးပြီး စုံညီအစည်းအဝေး ကျင်းပနိုင်ရန်ဆိုတဲ့ကြေငြာ ချက်ကို ထောက်ခံကြောင်း ဆုံးဖြတ်တယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေး ပြီးနိုင်ငံရဲ့အနာဂတ်ကိစ္စကိုအမြန်ဆုံးအဖြေရှာဖို့ ဆုံးဖြတ်တယ် ဗန်းမော်မြို့နယ် စည်းရုံးရေးအဖွဲ့များဟာ အရှိန် အဟုန်မြင့်ပြီး ရပ်ကျေးများအမြန်ဆုံးဖွဲ့စည်းပြီး စည်းရုံးရေးဆင်းရန်တိုက်တွန်းကြောင်းဆုံးဖြတ်ခဲ့ပါတယ်” လို့ သူကပြောသည်။
ပြည်ထောင်စုနှင့် ဗမာစစ်အာဏာပိုင်များက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ချုပ်ဗဟိုမှ ချမှတ်ထားသည့် မူသဘောထားများအတိုင်း တစ်ထပ်တည်းရှိကြောင်းနှင့် ကချင်ပြည်နယ်အဖွဲဲ့ချုပ်ပါတီအနေဖြင့် လာမည့်ကာလများတွင် ယခုလိုအစည်းအဝေးများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့်အစည်းအဝေးကို အာဏာပိုင်များ ဘက်မှတစ်စုံတစ်ရာအနှောက်အယှက်ပေးခြင်း မရှိကြောင်း သိရသည်။