စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် လုံခြံုရေးတပ်ဖွဲ့ စစ်ကားတန်း ဝ ဌာနချုပ် ပန်ဆန်းသို့သွားစဉ် လမ်း တဝက်၌ ကားမှောက်သဖြင့် ပေါ်လာသော ၎င်းတို့လျှို့ဝှက်သယ်ဆောင်သည့် လက်နက်ကြီး/ငယ်အားလုံးကို UWSA လုံခြံုရေး တပ်ဖွဲ့ကဖြုတ်သိမ်းထားခဲ့ရာ နအဖဖက်မှ အကြိမ်ကြိမ်ပြန်တောင်းသော်လည်း ထိုလက်နက်များ တခုမှ မပေးနိုင်ကြောင်း ဝ တပ်ဖွဲ့ပန်ဆန်းဌာနချုပ်မှ ပြတ်သားစွာ ပြောလိုက်သည်ဟု နယ်စပ်သတင်းကဆိုသည်။
“ဗိုလ်ချုပ်ရဲမြင့်ဆီက သိမ်းထားတဲ့ လက်နက်အားလုံးပြန်ပေးဖို့ ၁၂/ဝ၃/ဝ၉ က လားရှိုး စရဖတပ်မှူး နောက်ဆုံးလာ တောင်းတယ်။ ဒါပေမဲ့ ဝ တပ်ဖွဲ့က ပြတ်ပြတ်သားသားဘဲ။ အဲဒီ လက်နက်မပြောနဲ့ ကားပေါ်ပါလာတဲ့ ဆန်စေ့တစေ့ တောင်ပြန်မပေးနိုင်ဘူး-တဲ့” - ဟု ဝ တပ်ဖွဲ့ နှင့် ရင်းနှီးသည့် ကျိုင်းတုံကုန်သည်တဦးက ဆိုသည်။
ဇန္နဝါရီ ၁၈ ရက်က နအဖစစ်တပ်၏ စစ်ဖက်ရေးရာ လုံခြံုရေးအရာရှိချုပ် (ညွှန်ကြားရေးမှူးချုပ်) ဒု ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် လုံခြံုရေးတပ်ဖွဲ့ ၄ဝ ကျော်၏ စစ်ယာဉ်တန်းမှ ကားတစီး ဝ ဌာနချုပ် ပန်ဆန်းအသွား မိုင်းပေါက် အလွန် ၅ မိုင် လမ်းခုလတ်၌ တိမ်းမှောက်ခဲ့သည်။ ဝ တပ်ဖွဲ့အင်အား ၂ဝဝ ခန့် လာရောက် ကူညီပေးရာမှ ထိုလက်နက်များတွေ့ ရှိကာ ဖြုတ်သိမ်းထားလိုက် ခြင်းဖြစ်သည်ဟု ဝ ထိပ်ပိုင်း နှင့် ရင်းနှီးသည့် ထိုကုန်သည်က ဤကဲ့သို့ဆက်ပြောပါသည်။
“ဗမာစစ်တပ်က ဉာဏ်နီဉာဏ်နက် အကြံအစည်ရှိလို့ အခုလိုဖြစ်တယ်။ ဆန်အိတ်အောက်က လက်နက်ကြီး ၁၂ဝ MM မော်ထာ ၁ လက် နဲ့ ကျည် အလုံး ၄ဝ။ ပုခုံးထမ်း RPG ၈ လက် ကျည် ၃၈ ထောင့်။ ရုရှား/အိန္ဒိယထုတ်ဒင်ခေါက် AK ၄၇ လိုလို M ၂၂ လိုလို အော်တို ရိုင်ဖယ်အသစ် ၆၃ လက် ကျည်ဆံထောင်နဲ့ချီ - အများကြီးဘဲ” ဟုဆို၏။
ဝ ပြည်သူများအားဆန်များအခမဲ့သွားဝေငှမည်ဟူသော အကြောင်းပြချက်ဖြင့် ဆန်အိတ် ၃ဝဝ တင် တရုတ်လုပ် တုန်းဖှိန်းကား ၅ စီး ပေါ်ဖုံးထားသော လက်နက်ကြီး/ငယ် အများအပြားတွေ့ ရှိရသည့် ဖြစ်ရပ်မှန်ပေါ်လာခြင်းဖြစ်၏။
ဤကဲ့သို့ အခြေအနေတင်းမာမှုအပေါ် စစ်အစိုးရနှင့် ဝတပ်ဖွဲ့တို့ဆက်ဆံမှု အေးခဲလာရာ ဝ တပ်ဖွဲ့ကလည်း ၎င်းတို့ သင်္ကာမကင်းသည့် ဝ ထိန်းချုပ်နယ်မြေ အတွင်းရာချီရှိ ဗမာရွှေ့ပြောင်းအလုပ်သမား အရပ်သားအားလုံးအားလက်ခံ အလုပ်စေခိုင်းခွင့် မပေးတော့ဘဲ ယခု ၁၄ ရက်နောက်ဆုံးထား၍ ဝ ထိန်းချုပ်နယ်မြေမှ ထွက်ခွာပြောင်းရွှေ့ရန်အမိန့် ထုတ်ခဲ့သည်ဟုဆိုသည်။