ကိုးကန့်အဖွဲ့၏ နှစ်(၂၀) ပြည့် အခမ်းအနားအမည် ပြောင်းလဲကျင်းပ

ကိုးကန့်အဖွဲ့၏ နှစ်(၂၀) ပြည့် အခမ်းအနားအမည် ပြောင်းလဲကျင်းပ
သျှမ်းပြည်(မြောက်ပိုင်း)ရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် အပစ်ရပ် ကိုးကန့်အဖွဲ့သည် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် အထိမ်း အမှတ်အဖြစ် ကျင်းပနေသည့် အခမ်းအနား အမည်ကို ယနေ့ ကျင်းပနေသည့် နှစ် (၂၀)မြောက် နေ့တွင် ပြောင်းလဲခေါ်ကြောင်းသိရ ...

သျှမ်းပြည်(မြောက်ပိုင်း)ရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် အပစ်ရပ်ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် အထိမ်း အမှတ်အဖြစ်ကျင်းပနေသည့် အခမ်းအနား အမည်ကို ယနေ့ကျင်းပနေသည့် နှစ် (၂၀)မြောက် နေ့တွင် ပြောင်းလဲခေါ် ကြောင်းသိရသည်။

ကိုးကန့်အထူးဒေသ(၁) အုပ်ချုပ်ရေးဒေသ လောက်ကိုင်မြို့တွင် ယနေ့ကျင်းပသည့် အခမ်းအနားအမည်အား ကိုးကန့် အထူးဒေသ(၁) အုပ်ချုပ်ရေးဒေသ တည်ထောင်ခြင်းနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(ခေါ်) (MNDAA) ကိုးကန့်အဖွဲ့ ဖွဲ့စည်းခြင်းနှစ် (၂၀) မြောက်နေ့ ဟု ပြောင်းလဲသုံးစွဲထားကြောင်း အပစ်ရပ်များနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၉၈၉ခုနှစ် မတ်လ(၁၂)ရက်နေ့မှစတင်၍  ကိုးကန့်တိုင်းရင်းသားများက ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ရုန်းထွက် ခဲ့သည်ကို  အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ အမည်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဒေသခံကိုးကန့် တိုင်းရင်းသားများ၏ နိူင်ငံရေးစိတ်ပါ၀င်စားမှု အားတက်သရော ရှိမှု ပိုမိုအားကောင်းလာကြောင်း အပစ်ရပ်နှင့် နီးစပ်သူက ပြောသည်။

“မနေ့မနက်ပိုင်းက လုပ်တာပေါ့ 8 နာရီ ကျော်လောက်ကစပြီးလုပ်တယ် စစ်ရေးပြ အခမ်းအနားမှာလည်း လက်နက်ကိုင် အင်အားက ၂၀၀၀ လောက်ပါတယ် လာတက်ရောက်တဲ့ ဧည့်သည်တွေ ဖိတ်ကြားထားတဲ့သူတွေ ဒေသခံတွေရော အားလုံးဆို ၄ သောင်းကျော် လောက် တက်တယ်ဗျ” လို့သူကပြောသည်။

အခမ်းအနားမိန့်ခွန်းအား အဖွဲ့ဥက္ကဌဖြစ်သူ ဦးဖုန်ကြားရှင်းမှ ပြောကြားခဲ့ရာတွင် ယခု ကိုးကန့်အထူးဒေသ(၁) ထူထောင် လာသည့် နှစ်(၂၀) မြောက် ဖြတ်သန်း လာရာတွင် အောင်မြင်မှုများ ရရှိလာကြောင်းနှင့် ကိုးကန့်ဒေသအတွင်း ၂၀၀၂ ခုနှစ်မှစတင်၍ ဘိန်း ပပျောက် ကင်းစင်ရေးကို အောင်မြင်စွာ ဆောင်ရွက် နိူင်ခဲ့ ကြောင်းကိုလည်း အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဗမာစစ်တပ်မှ ဒေသဆိုင်ရာ ကွပ်ကဲရေးဌာနချုပ် (လောက်ကိုင်) ဒကစမှူးဦးစီးသည့် စစ်ဘက်ခေါင်းဆောင်များ ဌာနဆိုင်ရာ ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“တိုင်းမှူးတို့ ဒုတိုင်းမှူးတို့တော့ မတက်ဘူးဗျ ဒကစမှူးအဆင့်တော့ လာတက်တယ် တခြားဝန်ထမ်းတွေလည်း လာတယ် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေလည်း လာတယ်” လို့ သူကပြောသည်။

ဥက္ကဌ ဦးဖုန်ကြားရှင်၏ မိန့်ခွန်းပြောကြားချက်တွင် ကိုးကန့်ပြည်သူလူထုနှင့် အဖွဲ့အစည်း(တပ်မတော်) ၏ အခွင့်အရေးနှင့် ခံစားပိုင်ခွင့်များကို ဆက်လက် ထိန်းသိန်း ကာကွယ် စောင့်ရှောက်သွားပြီး အေးချမ်းသည့် ဒေသအဖြစ် ဆက်လက်ထိန်း သိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။

Most read this week